မန်တုံနှစ်ထပ်ကွမ်း အလှူကြီး

မန်တုံမြို့ရှိ ခလရ ၁၃၀ တပ်စခန်းကို TNLA က နယ်မြေရှင်းလင်းပြုလုပ်စဥ် လက်နက်ခဲယမ်း အများအပြား ထပ်မံ သိမ်းဆည်းရရှိ

■ နမ္မတူမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားပြီး စစ်တပ်က လက်နက်ကြီး၊ လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

ရှမ်းပြည်နယ်၊ မန်တုံမြို့ရှိ ခလရ ၁၃၀ တပ်စခန်းကို TNLA က နယ်မြေရှင်းလင်းပြုလုပ်စဥ် လက်နက်ခဲယမ်း အများအပြား ထပ်မံ သိမ်းဆည်းရရှိခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

မန်တုံမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စခန်းမှ တအာင်းတပ်မတော် PSLF/TNLA က ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဟောင်ဝစ်ဇာ လက်နက်နှင့် လက်နက်များစွာ သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများ၏ ထွက်ဆို ပြောပြချက်အရ ခလရ-၁၃၀ တပ်စခန်းအတွင်း ဆက်လက် ရှာဖွေစစ်ဆေးရာတွင် ယနေ့ ဒီဇင်ဘာ ၂၅ ရက်နေ့၌ လက်နက် ခဲယမ်း အများအပြား ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်ခန့်တွင် နမ္မတူမြို့ရှိ အကြမ်းဖက် စစ်တပ်စခန်းတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် နမ္မတူမြို့နယ် စစ်ကောင်စီတပ်မှ နမ္မတူမြို့တွင်း၊ ခိုဖိတ်ကျေးရွာအနီး တဝိုက်ကို Y12 လေယာဥ်ဖြင့် ၇ ကြိမ် ဗုံး ၂၈ လုံး ကျဲချတိုက်ခိုက်ခဲ့သောကြောင့် နမ္မတူမြို့ ရပ်ကွက် ၃ ရှိ ပြည်သူ ၂ ဦးတို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းသိရသည်။

ထို့ပြင် နမ္မတူမြို့နယ်ရှိ နမ္မတူအခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခြေမြန်တပ်ရင်း ၃၂၄ က လက်နက်ကြီးဖြင့် ၁၉ ကြိမ် ပြည်သူများရှိရာ နေရာကို ဦးတည်ပစ်ခတ်မှုကြောင့် နားလင်းကျေးရွာတွင် ကျရောက်ပေါက်ကွဲကာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး နေအိမ်အတွင်းရှိ ဆန်၊ ဆီ၊ ငွေ သိန်း ၂၀ ကျပ် မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရှိရသည်။

အလားတူ သိန္နီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်က သိန္နီမြို့အနီတဝိုက်ကို Jet Fighter ဖြင့် ၂ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လားရှိုးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ နမ့်ပေါင်တပ်စခန်းက သံလွင်ကျေးရွာကို လက်နက်ကြီးဖြင့် ၁၀ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က Mi-17 ဖြင့် သီပေါမြို့တွင် ၁ ကြိမ် စစ်ကူလူအင်အားနှင့် လက်နက်ခဲယမ်းများ လာရောက် ပို့ဆောင်ခဲ့ကြောင်းသိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *