AAတို့ထပ်သိမ်းလိုက်ပြန်ပြီ

မြောက်ဦးခရိုင်ရဲစခန်းကို AA သိမ်းပိုက်

——————

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် မြောက်ဘက်ရှိ မြောက်ဦးခရိုင်ရဲစခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု ရက္ခိုင့်တပ်တော် (AA) က ယနေ့ (ဒီဇင်ဘာ ၂၇) မြန်မာစံတော်ချိန် နံနက် ၁ နာရီတွင် သတင်းထုတ်ပြန်သည်။

နှစ်ဖက်အသေအပျောက်နှင့် လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အပါအဝင် အသေးစိတ်အချက်အလက်များတော့ AA ၏ထုတ်ပြန်ချက်တွင် မပါဝင်ပါ။

ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၄ နာရီတွင် ငွေတောင်ပေါက်တံတားအနီးရှိ ရဲစခန်းနှင့် သူတော်မတောင်ကုန်းစခန်းတို့ကို AA က ဝင်တိုက်ရာမှ မြောက်ဦးမြို့တွင် တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၄ မှ ယမန်နေ့ ဒီဇင်ဘာ၂၆ အထိ ၃ ရက်တာအတွင်း မြောက်ဦးအ‌ခြေစိုက်စစ်ကောင်စီတပ်များက အရပ်ဘက်ပစ်မှတ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ၉ ဦး သေဆုံး၊ ၁၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်ဟုလည်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒီဇင်ဘာ ၂၅ (ခရစ္စမတ်နေ့) နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်က မြောက်ဦးမြို့ ရှေးဟောင်းသုတေသနပြတိုက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရှေးဟောင်းအမွေအနှစ်များ ပျက်စီးသွားပြီး ထိုပစ်ခတ်မှုသည် စစ်ကောင်စီ၏ ရည်ရွယ်တိုက်ခိုက်မှုဖြစ်သည်ဟု ရက္ခိုင့်တပ်တော် (AA) က နေ့ချင်း သတင်းထုတ်ပြန်သည်။

စစ်ကောင်စီကမူ ၎င်းတို့လက်ချက်မဟုတ်ဟု ယမန်နေ့ (ဒီဇင်ဘာ ၂၆) ထုတ် ဝါဒဖြန့် သတင်းစာများတွင် ငြင်းသည်။

မြောက်ဦးရှိ ရဲစခန်းနှစ်ခုကို AA က ရှော့တိုက်ဒုံး၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယဉ်ကျေးမှုပြတိုက်နှင့် ကျောက်စာချပ်များပျက်စီးသည်ဟု စစ်ကောင်စီက ဆိုသည်။

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် တင်သွင်းထားသည့် ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့် လက်သည်မှာ မြောက်ဦးမြို့အခြေစိုက် အမှတ် ၅၄၀၊ ၃၇၇၊ ၃၇၈ ခြေမြန်တပ်ရင်းနှင့် အမှတ် (၃၁) ရဲတပ်ရင်းတို့သာ ဖြစ်သည်ဟု ULA/AA က ဒီဇင်ဘာ ၂၅ ထုတ်ပြန်ချက်တွင် ဆိုထားပြီး ထိထိရောက်ရောက်တုံ့ပြန်မည်ဟုလည်း ပြောသည်။

ရက္ခိုင့်တပ်တော် (AA) က ၁၀၂၇ စစ်ဆင်ရေးကို ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ဒေသတချို့တွင် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စတင်လိုက်ပြီး စစ်ရေးအရ အရေးပါသည့် ဗျူဟာစခန်းများကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

AA သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ‘ခဝဲဗျူဟာကုန်း’ ကိုလည်း အပြီးသတ်သိမ်းယူနိုင်ရေး ထိုးစစ်ဆင်လျက်ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *