ဒီပွဲမနိုင်ရင် ငပုပထွေးပစ္စည်းတွေပဲသုံးရမှာနော် ကြိတ်ထားAA

ရခိုင်စစ်ရေး ပြင်းထန်နေသော်လည်း ကျောက်ဖြူရေနက်ဆိပ်ကမ်း တည် ဆောက်ရေး တရုတ်နှင့်စစ်ကောင်စီတို့ လက်မှတ်ရေးထိုး

ရန်ကုန်| ဒီဇင်ဘာ ၂၈

ရခိုင်ပြည်အတွင်း တိုက်ပွဲများဖြင့် စစ်ရေးအရှိန်ပြင်းထန်နေသော်လည်း အာဏာသိမ်းစစ်ကောင်စီနှင့် တရုတ်တို့သည် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော်နိုင်ရန် နောက်ဆက်တွဲစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြသည်။

လုပ်ငန်းလုပ်ကိုင်ခွင့်ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် Addendum ကို ဒီဇင်ဘာလ ၂၆ ရက်နေ့ နေပြည်တော်တွင် လက်မှတ်ရေးလိုက်ကြပြီး တရုတ်သံရုံးမှ တာဝန်ရှိသူများနှင့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့ တက်ရောက်ခဲ့ကြသည်။

နောက်ဆက်တွဲစာချုပ် Addendum ကို ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ရွှေထွန်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်ဒါရိုက်တာ Mr. Liang Chuanxin တို့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ရေနက်ဆိပ်ကမ်းသည် ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သင်္ဘောများဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား ၁၀ ခုပါဝင်မည်နှင့် တစ်နှစ်လျှင် ပေ ၂၀ ကွန်တိန်နာအလုံးရေ ခုနစ်သန်းခန့် လက်ခံထားနိုင်မည်ဟု သိရသည်။

စီမံကိန်းပြီးစီးပါက မြန်မာနိုင်ငံမှကုန်စည်များအပါအဝင် နိုင်ငံကိုဖြတ်သန်းသွားမည့် ကုန်စည်များအား အာဖရိကနိုင်ငံများ၊ တောင်အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများသို့ တိုက်ရိုက်ပို့နိုင်မည်ဟု စစ်ကောင်စီက ဆိုသည်။

အဆိုပါ စီမံကိန်းထဲမှ ကျောက်ဖြူဒေသ အပါအဝင် ရခိုင်ပြည်သူများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရုံသာမက မြန်မာနိုင်ငံ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဖြစ်စေမည်ဟု စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက မက်လုံးပေး ပြောသည်။

စစ်ကောင်စီ၏ မက်လုံးပေး ပြောဆိုချက်မှာ အစစ်အမှန်မဟုတ်ကြောင်းနှင့် အမှန်တကယ် ရခိုင်ဒေသဖွံ့ဖြိုးရေးကို အလေးထားပါက စစ်ဖြစ်စရာအကြောင်းမရှိကြောင်း ရခိုင့်နိုင်ငံရေးအသိုင်းအဝိုင်းထဲက သုံးသပ်သူတစ်ဦးက ပြောသည်။

“ကျောက်ဖြူစီမံကိန်းတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောဆိုချက်တွေဟာ အစစ်အမှန် မဟုတ်နိုင်ဘူး။ တကယ်စစ်မှန်တယ်ဆိုရင် အခု ရခိုင်မှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲ ဖြစ်စရာမလိုဘူး။ ရခိုင်က ထွက်တဲ့ သဘာဝသယံဇာတတွေရဲ့ အကျိုးအမြတ်တွေကို ရခိုင်ကို ခွဲဝေပေးဖို့ ပြည်သူပြည်သားတွေ တောင်းဆိုခဲ့တာ အာပေါက်မတက်ပါပဲ။ ဒါပေမယ့် ဘာတွေရလို့လဲ၊ အကုန်လုံးက နေပြည်တော် ရောက်သွားတာပဲ။ ရခိုင်တွေ လက်နက်ကိုင်လမ်းကို ရွေးတာဟာ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်မရလို့၊ ရပိုင်ခွင့်တွေ ဆုံးရှုံးနေလို့ဖြစ်တယ်။ စစ်ကောင်စီရဲ့ တိုင်းရင်းသားအပေါ်ထားတဲ့ သဘောထားတွေဟာ အတုအယောင်သာ ဖြစ်တယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း လတ်တလော တိုက်ပွဲများပြင်းထန်နေပြီး စစ်ရေးဘက်သို့ အာရုံရောက်နေချိန်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် တရုတ်တို့သည် အခွင့်ကောင်းယူပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်းကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြသည်။

ရခိုင်လူမျိုးတို့၏ အမျိုးသားရေးအကျိုးစီးပွားရေးကို ရက္ခိုင့်တပ်တော် AA က အချိန်မီ အကာအကွယ်ပေးသင့်ကြောင်း ထောက်ပြသူအချို့လည်းရှိနေကြသည်။

လက်ရှိတွင် AA သည် ရခိုင်ပြည်တွင် နှစ်ပေါင်းများစွာ မတရားမှုများ ကျူးလွန်ပြီး ပြည်သူများအား သတ်ဖြတ်နေသော စစ်ကောင်စီတပ်များကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တပ်စခန်းအမြောက်အများကို သိမ်းပိုက်ရရှိထားကြောင်း AA က ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *