လောက်ကိုင်အခြေနေ သတိပေးချက်သတင်း(ရုပ်သံ)

လောက်ကိုင်မြို့တွင်းသို့ စစ်မျက်နှာတိုးဝင်လာပြီဖြစ်၍ တရုတ်နိုင်ငံသားများနှင့် ပြည်သူများ ပြောင်းရွှေ့နေထိုင်ကြရန် MNDAA က ကြိုတင်ကြေညာ၊ ရန်ကုန်တရုတ်သံရုံးကလည်း လောက်ကိုင်မှ တရုတ်နိုင်ငံသားများထွက်ခွာရန် သတိပေး

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့အတွင်းသို့ ၁၀၂၇ စစ်ဆင်ရေး အရ စစ်မျက်နှာတိုးဝင်လာပြီဖြစ်၍ တရုတ်နိုင်ငံသားများ နှင့် ပြည်သူများ ပြောင်းရွှေ့နေထိုင်ကြရန် MNDAA က ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကြိုတင်ကြေညာခဲ့ကြောင်း တရုတ်-မြန်မာ နယ်စပ် စစ်ရေးသတင်းမြစ်က ပြောသည်။

မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” သည် ရပ်တန့်၍မရဘဲ စစ်မျက်နှာစာသည် ယခုအခါ လောက်ကိုင် မြို့ထဲသို့ တိုးဝင်လာပြီဖြစ်ကြောင်း၊ လက်ရှိတွင် မြို့ပြတွင် ရုန်းကန်နေရဆဲဖြစ်သော စစ်ကောင်စီတပ်နှင့် MNDAA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း MNDAA ၏ ကြေညာချက်က ဆိုသည်။

ထို့ပြင် စစ်တပ်က ပြည်သူများ၏ လုံခြုံရေးကို ဂရုမစိုက်ဘဲ လူနေရပ်ကွက်များကို လေကြောင်း တိုက်ခိုက်မှု နှင့် လက်နက်ကြီးများ ခွဲခြားမှု မရှိ ပစ်ခတ်နေတာကြောင့် အပြစ်မဲ့ ပြည်သူ အသေအပျောက် အများအပြားကို ဖြစ်ပေါ်စေပြီး အရပ်သား ပြည်သူ လုံခြုံရေးအတွက် ခက်ခဲစေကြောင်း၊ ပြည်သူများအနေဖြင့် လောက်ကိုင်အထူးဇုန်အတွင်း နေထိုင်သူများအား ဘေးကင်းရာသို့ ရွှေ့ပြောင်းခိုလှုံရန်၊ သောင်တင်နေသော တရုတ်နိုင်ငံသားများအနေဖြင့် မဟာမိတ်စစ်အဖွဲ့အစည်းထံ အမြန်ဆုံးသတင်းပို့ပြီး ပုံမှန်လမ်းကြောင်းများမှတစ်ဆင့် မိခင်နိုင်ငံသို့ ပြန်သွားရန် MNDAA က အကြံပြုထားသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အနေဖြင့် ကျားဖြန့် နှင့်ပတ်သက်သော ရာဇ၀တ်မှုများကို နှိမ်နင်းခြင်းများကို ဆက်လက် တိုးချဲ့လုပ်ကိုင်မည်ဖြစ်ကြောင်း၊ လောက်ကိုင်တွင် သောင်တင်နေသော တရုတ်လူမျိုးများအနေဖြင့် လက်ရှိ အခြေအနေကို ရှင်းရှင်းလင်းလင်း သိမြင်သင့်ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံသားများအနေဖြင့် ဆန္ဒအလျောက် တရုတ်နိုင်ငံသို့ ပြန်သင့်ကြောင်း MNDAA က တိုက်တွန်းထားသည်။

ထို့ပြင်ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် နေထိုင်နေကြသည့် တရုတ်နိုင်ငံသားများ အမြန်ဆုံး ထွက်ခွာကြရန် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် တရုတ်လူမှုကွန်ရက် (WeChat) မှတစ်ဆင့် သတိပေးကြေညာ သည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ ညပိုင်း လောက်ကိုင်မြို့တွင် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲမှုများလုပ်ဆောင်ခဲ့ကြောင်း တရုတ်-မြန်မာနယ်စပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ရုပ်သံဖိုင်နားထောင်ရန်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *