အလုံးစုံ ထိန်းထားနိုင်ပြီ သတင်း(ရုပ်သံ)

ဒုတိယကမ္ဘာစစ် မတိုင်မီကာလက ငွေနဲ့ ခဲ အများဆုံးထုတ်လုပ်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး သတ္တုမိုင်း တည်ရှိရာဒေသ အဖြစ် ထင်ရှားခဲ့တဲ့ ကရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ကို တအာင်း အမျိုးသားတပ်မတော် (TNLA) က ဒီဇင်ဘာလ ၂၈ ရက် မနက်အစောပိုင်းမှာ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ပြီး မြို့တစ်ခုလုံးကို ထိန်းချုပ် ထားနိုင်ကြောင်း  TNLA ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ညီနောက်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး နှစ်လပြည့်ပြီးချိန်မှာ ရှမ်းမြောက်ရှိ နမ့်ဆန်၊နမ့်ခမ်း၊မန်တုံ မိုင်းလုံးနဲ့ နမ္မတူမြို့ တို့ကို တအာင်းတပ်မတော် TNLA က အလုံးစုံသိမ်းပိုက်လာနိုင်ခဲ့ကာ နမ္မတူမြို့ကို တအာင်းတပ်မတော် TNLA က ၄ရက်ကြာ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာကြောင့် ရှမ်းမြောက်မှာ TNLA ကထိန်းချုပ် သိမ်းပိုက်ထားတဲ့ မြို့၅ မြို့ထိ ရှိလာပြီဖြစ်ပါတယ်။ TNLAဟာ ၁၀၂၇ စစ်ဆင်ရေး ၂လအတွင်း စစ်ကောင်စီတပ်စခန်း ၆၀ကျော် သိမ်းပိုက်ရရှိထားတာလည်းဖြစ်ပါတယ်။  ထုတ်ပြန်ချက်အရ နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာ ၂၅ရက်တွင် ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီး ပစ်ကူပေး တိုက်ခိုက် နေတဲ့ကြားမှပင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့ဆိုထားပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီ ခမရ – ၃၂၄ ဗျူဟာကုန်းအပါအဝင် တပ်စခန်းတွေဖြစ်တဲ့  မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနဲ့ စစ်ကောင်စီ ဌာနဆိုင်ရာရုံးတွေကို အလုံးစုံသိမ်းပိုက်ရရှိခဲ့တာပါ။ TNLA ထုတ်ပြန်ချက်အရတိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေ၊ ဟောင်ဝစ်ဇာအမြောက်အပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ နမ္မတူတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်ခဲ့မှုများကြောင့် ဒေသခံသုံးဦးသေဆုံးကာ ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့လည်း TNLA ကအသိပေးထုတ်ပြန်ထားပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေနိုင်တာကြောင့် မြို့ခံတွေအနေနဲ့ လုံခြုံတဲ့နေရာမှာပဲနေကြဖို့ TNLA ဘက်က အသိပေးထားတယ်လို့သိရပါတယ်။ ဒါကြောင့် နမ္မတူမြို့က ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ လားရှိုး၊ သီပေါ၊ ကျောက်မဲနဲ့ မန်စံ ဘက်တွေကို တိမ်းရှောင်နေကြရပါတယ်။ TNLAသည် ၁၀၂၇ စစ်ဆင်ရေး ၂လအတွင်း စစ်ကောင်စီတပ်စခန်း ၆၀ကျော် သိမ်းပိုက်ရရှိထားပြီး နမ္မတူ၊ မန်တုံ၊ နမ့်ခမ်း၊ နမ့်ဆန်နှင့် မိုင်းလုံ မြို့များကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။ မြောက်ပိုင်းညီနောင် သုံးဖွဲ့အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နမ္မတူမြို့အပါအဝင် ရှမ်းမြောက်ဒေသက မြို့ ဆယ်မြို့ကို သိမ်းပိုက်ထားပြီး ကွတ်ခိုင်၊ လားရှိုး၊ မူဆယ်၊ လောက်ကိုင်မြို့နယ်တွေမှာ ယနေ့အချိန်ထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာလည်းဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *