ညီနောင်သုံးဖော်ကအသာလေးပဲကောက်ထည့်လိုက်ရုံပဲ

“စစ်ကောင်စီကို ယခုအချိန် မည်သည့်နေရာတွင် တိုက်တိုက် အနိုင်ရရန် အခြေ အနေ ကောင်းသည်”ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်ပြောဆို

■ ပလက်၀ရှိ စစ်ကောင်စီ၏ တပ်ရင်း ၈ ခုနှင့် ဗျူဟာကုန်း ၂ ခုကို AA ထိုးစစ်ဆင် တိုက်ခိုက်နေ

ရန်ကုန်၊ ဇန်နဝါရီ ၄

အကြမ်းဖက်စစ်ကောင်စီကို ယခုအချိန် မည်သည့်နေရာတွင် တိုက်တိုက် အနိုင်ရရန် အခြေအနေကောင်းသည့် အနေအထားနှင့် စိတ်ဓာတ်ခွန်အားများကို ၁၀၂၇ စစ်ဆင်ရေး က‌ ပေးအပ်နေကြောင်း မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီလ ၃ ရက်နေ့ ညပိုင်း ထုတ်ပြန်ပြောဆိုသည်။

မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့၏ စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီစစ်ဆင်ရေးများကို ချိန်ကိုက်လိုက်ပါဆင်နွှဲနေကြသည့် အခြားသော တော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းအချို့တို့သည်လည်း နှစ်ဆန်းတွင်ပို၍ အားစိုက်လာသည်ကိုတွေ့ရှိရရကြောင်း၊ ထို့အတူ နေရာတိုင်းတွင် စစ်ကောင်စီအား အပြတ်အသတ်အလဲထိုးပြီး အောင်ပွဲများကို တစ်ခုပြီးတစ်ခု ရယူနိုင်သည်များကို ဆက်တိုက်တွေ့လာရကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ပြောဆိုသည်။

ထိုသို့ အောင်ပွဲရသည့် အခြေအနေများဆက်တိုက် ဖြစ်ပေါ်လာခြင်းသည် ဟန်ချက်ညီပူးပေါင်းစစ်ဆင်ရေး၏ အနှစ်သာရပင် ဖြစ်ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးမှ ပေးလိုက်သည့် စိတ်ဓာတ် ခွန်အားမြှင့် မာတီဗီတာမင်မှာ “စစ်ကောင်စီအား ယခုအချိန်၌ မည်သည့်နေရာတွင်တိုက်တိုက် အနိုင်ရရန် အခြေအနေ ကောင်းသည်” ဟူသော Motivation ဖြစ်ကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ပြောဆိုသည်။

လတ်တလော တစ်ရက်ပြီးတစ်ရက် အခြေအနေဆိုးဝါးလာနေသော စစ်ကောင်စီကို ကြမ္မာငင်ခွင့်သာပေးပြီး မိမိတို့အပေါ် တန်ပြန် တိုက်စစ်အတွက် မည်သည့်အခွင့်အရေးမျှပေး၍မရဆိုသည်ကို နှစ်ပေါင်းများစွာအတွင်း ရရှိထားပြီးဖြစ်သော အတွေ့အကြုံ၊ သင်ခန်းစာများအရ ကောင်းစွာသိနားလည်ထားခြင်းသည်ပင်လျှင် လက်ရှိရရှိထားသော အောင်မြင်မှုများ ထက် ပို၍အရေးကြီးကြောင်း ညီနောင် ၃ ဖွဲ့က ထောက်ပြထားသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့တွင် အဖွဲ့ဝင်ဖြစ်သော AA က ချင်းပြည်နယ်၊ ပလက်ဝဒေသရှိ စစ်ကောင်စီ၏ စခန်းများဖြစ်သော
(၁) ခလရ- ၂၃၃
(၂) ခမရ- ၃၇၄
(၃) ခမရ- ၃၇၆
(၄) ခမရ- ၃၀၈
(၅) ခမရ- ၂၁၁
(၆) ခမရ- ၂၁၇
(၇) ခလရ- ၂၈၉
(၈) ခမရ- ၂၂၀ တို့ကိုလည်း နှစ်ဆန်းရက်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ချဉ်းကပ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။

AA က ချင်းပြည်နယ်၊ ပလက်ဝ အတွင်းရှိ “ချင်းလက်ဝစခန်းကုန်း” ကို ယမန်နေ့ ဇန်နဝါရီလ ၃ ရက်န‌ေ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း၊ အဆိုပါ စခန်းကုန်းကို ၃ ရက်ခန့်သာ တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း၊ စခန်းကုန်းသိမ်း တိုက်ပွဲအတွင်း လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ပလက်ဝဒေသအတွင်း ကျန်ရှိနေသေးသော စစ်ကောင်စီ၏ ဗျူဟာကုန်းများကို ၂၀၂၄ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး “ပလက်ဝ (၂၈၉) ဗျူဟာကုန်း” နှင့် “မီးဝဗျူဟာကုန်း” များကိုပါ ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိကြောင်း၊ ပလက်ဝဒေသအတွင်း၌ သာမက ရက္ခိုင်ဒေသအတွင်းတွင်ရှိကြသည့် စစ်ကောင်စီ၏ စခန်းတစ်ခုမျှမကျန် အပြတ်ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ချင်းပြည်နယ်၊ ထန်တလန်တွင် ယမန်နှစ်၊ ဩဂုတ်လအတွင်း ဖမ်းဆီးရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *