မအလ၏နောက်ဆုံးနေ့ရက်များ

မင်းအောင်လှိုင် နောက်ဆုံးနေ့ရက်များ

စစ်တက္ကသိုလ်အများစုရှိရာ ပြင်ဦးလွင် မြို့မှာ ၂၀၂၄ ခုနစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့မှာ အစွန်းရောက် အမျိုး၊ဘာသာ၊ သာသနာ (မဘသ) ဘုန်းကြီးတွေ စုဝေး‌ပွဲ တခုလုပ်လိုက်ပြီး စစ်ခေါင်း‌ဆောင် မင်းအောင်လှိုင် ရာထူးက နုတ်ထွက်ဖို့၊ အဲဒီနေရာမှာ ဒုစစ်ခေါင်းဆောင် စိုးဝင်းကို အပ်ဖို့ တောင်းဆိုလိုက်ပါတယ်။ စစ်တပ် မြို့တော်လို့ ခေါ်လို့ရတဲ့ ပြင်ဦးလွင် မှာ ဒီလိုမျိုးပေါ်တင် တောင်းဆိုဖို့ဆိုတာ တော်ရုံ နောက်ကွယ်က စစ်ရေး၊ နိုင်ငံရေး ထောက်ခံမှု မရှိဘဲ လုပ်လို့မရပါဘူး။ လက်တွေ့လုပ်ဆောင်မယ့် သူတွေလဲ လုပ်ရဲမှာ မဟုတ်ပါဘူး။ ဒါဆိုရင် ဒီပွဲ ကို မီးစိမ်းပြလိုတာ ဘယ်သူတွေလဲ။ ဘာကြောင့် မင်းအောင်လှိုင် ရာထူးက ထွက်ဖို့ ပေါ်တင် တောင်းဆိုမှုတွေ ပေါ်လာရတာလဲ။ ဒီလားရာတွေက ညွှန်ပြနေတာကတော့ မင်းအောင်လှိုင်ရဲ့ ‌နောက်ဆုံးနေ့ရက်တွေ ရောက်လာပြီ မကြာခင် ရာထူး ဖယ်ရှားခံရတော့မယ်ဆိုတာပါပဲ။ စစ်အာဏာရှင်တွေ ရဲ့ သမိုင်းမှာလဲ အဲဒီလိုပဲ ရှေ့လူကို နောက်လူက ဖြုတ်၊ ထုတ်၊ ရှင်းတာ တွေ ပေါ်ထွက်မြဲ ပါပဲ။ နေဝင်းကို စောမောင်၊ သန်းရွှေ၊မောင်အေး အုပ်စုက ဖယ်ထုတ် အကျယ်ချုပ်ချခဲ့တယ်။ သန်းရွှေအုပ်စုကိုလဲ မင်းအောင်လှိုင် အုပ်စုက ဘေးဖယ်ထုတ်ခဲ့တယ်။ အခု မင်းအောင်လှိုင်ကိုလဲ နောက်ထပ် အင်အားစု တခုက ဖယ်ထုတ်ဖို့ ကြံနေပါပြီ။

ကမ္ဘာ့ သမိုင်းကို ကြည့်ရင်လဲ အာဏာရှင်တွေဟာ အထွက်လှလေ့မရှိပါဘူး။ အီရတ် အာဏာရှင် ဆက်ဒမ် ဟူစိန် ကြိုးပေးခံရတယ်၊ လစ်ဗျား အာဏာရှင် ကဒါဖီ သတ်ဖြတ်ခံရတယ်။ နာဇီ ဂျာမဏီ အာဏာရှင် ဟစ်တလာ ကိုယ့်ကိုယ်ကိုယ် သတ်သေရတယ်။ အီတလီ ဖက်ဆစ် အာဏာရှင် မူဆိုလီနီ လူထုရှေ့မှာ သတ်ဖြတ်ခံရတယ်။ မင်းအောင်လှိုင် အနေနဲ့လဲ ဘယ်လို ဇာတ်သိမ်းမလဲ ဆက်ကြည့်ရမှာပါ။ သေချာတာကတော့ စစ်အုပ်စု တွင်းမှာ အုပ်စုကွဲတွေ ကြီးကြီးမားမား ပေါ်ထွက်နေပြီဆိုတာပါပဲ။ အကြမ်းဖက် စစ်တပ်ရဲ့ စစ်ရေး အရှုံးတွေကို မင်းအောင်လှိုင်ပေါ်ကိုပဲ ပုံချတော့မှာ ဖြစ်ပါတယ်။ အဲဒီ နေရာမှာ စစ်အာဏာရှင်လက်သစ်၊ စစ်အုပ်စု လက်သစ်က ဝင်လာမှာ ဖြစ်ပါတယ်။ မင်းအောင်လှိုင် အနေနဲ့ ဒီလမ်းကို ရှောင်ဖို့ ဆိုရင် ပြည်သူ့ဘက်ကို ရပ်တည်ဖို့၊ သေနတ်ပြောင်းကို စစ်အုပ်စု ဘက်ကို ပြန်လှည့်ဖို့ လိုပါတယ်။ အဲလို မှ မဟုတ်ဘဲ ခေါင်းဆက်မာနေမယ်ဆိုရင် တော်လှန်ပြည်သူတွေ နဲ့ တော်လှန်ရေး အင်အားစုတွေ က တဘက်၊ စစ်တပ် တွင်းက စစ်အုပ်စု လက်သစ် က တဘက်ကြားမှာ မြန်မြန်ဆန်ဆန် ကျရှုံးရမှာ ဖြစ်ပါတယ်။ တကယ်တော့ မင်းအောင်လှိုင် ဖြစ်စဥ်ဟာ တဦးတယောက်ရဲ့ ကိစ္စလဲ မဟုတ်ပါဘူး အာဏာရှင်စနစ် အထူးသဖြင့် စစ်အာဏာရှင် စနစ်ရဲ့ အခြေမခိုင်မှု၊ အုပ်စုကွဲကြီးမှု၊ နေ့မြင်ညပျောက်ဖြစ်မှုတွေကို ပြသနေပါတယ်။ အဲဒီလို အခြေအနေကို ရှောင်ဖို့ အတွက်ဆိုရင် ဒီမိုကရေစီ စနစ်ကို ခိုင်ခိုင်မာမာ ဖော်ဆောင်ဖို့လိုပါတယ်။ အဲဒီ လမ်းကိုပဲ ပြည်သူ တရပ်လုံးက တောင်းဆိုနေတာပါ။
သေချာတာကတော့ မင်းအောင်လှိုင်ရဲ့ နောက်ဆုံးနေ့တွေ ရောက်လာပြီ ဆိုတာပါပဲ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *