ပအိုင်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ PNLO မှ မိမိတို့သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို စွန့်ခွာပြီး အမျိုးသား လွတ်မြောက်ရေး အတွက် ပူးပေါင်း တိုက်ပွဲဝင်သွားမည်ဟု တရားဝင် ကြေငြာလိုက်ပြီ ဖြစ်သည်။
ရှစ်နှစ် ကြာ မျှော်လင့်ချက် အပြည့်ဖြင့် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးခဲ့သော်လည်း အာမခံချက်ရှိမည့် နိုင်ငံရေး ရလဒ်များ ထွက်ပေါ်လာခဲ့ခြင်း မရှိ၍ အာဏာရှင် စနစ် အဆုံးသတ်ပြီး မြန်မာ ပြည်သူတရပ်လုံး အတွက် ဖက်ဒရယ် ဒီမိုကရေစီ စနစ် တည်ထောင်သွားနိုင်သည့် အထိ တိုက်ပွဲဝင်သွားမည်ဟု ပါရှိသည်။
ထိုသို့ စစ်ကောင်စီ တပ်များ ဆက်တိုက်ဆိုသလို မကြုံစဖူးအောင် နယ်မြေများ လက်လွှတ်ဆုံးရှုံးလာနေပြီး လက်နက်ချသူချ၊ ဘက်ပြောင်းသူ ပြောင်း၊ ငြိမ်းချမ်းရေး လက်မှတ်ထိုးထားသူများပင် ယခုလို အနေအထား တွင် မည်သို့မျှ ငြိမ်းချမ်းရေး ရနိုင်တော့မည် မဟုတ်ဟု အချောင်သမား များ မှ အပ အားလုံးက သဘောပေါက်လာကြပြီ ဖြစ်သည်။ မင်းအောင်လှိုင်အတွက် နေရာသည် ကျဉ်းမြောင်းသည်ထက် ကျဉ်းမြောင်းလာနေပြီ ဖြစ်သည်။
နိုင်ငံတကာ မှ ၎င်းတို့ အဖို့ ဆက်လက် အသက်ဆက် နိုင်ရေး အတွက် လူထု အပေါ် အစွမ်းကုန် ရက်စက်ကြမ်းကြုပ်စွာ တုန့်ပြန်လာမည့် အရေးကို စတင် စိုးရိမ်စ ပြုလာနေကြပြီ ဖြစ်သည်။
ထိုအကြောင်းနှင့် စပ်လျှင်းပြီး ဂျပန်နိုင်ငံ အခြေစိုက် အွန်လိုင်း စာစောင် ဖြစ်သည့် The Diplomat မှ ၎င်းတို့ အာဏာကို လက်နက်အားကိုး ဖြင့် ရယူ ခဲ့သလို ယခုအခါ သေနတ်ပြောင်းဝ တွင်သာ အဆုံးသတ် ပြိုလဲသွားရတော့မည့် အလားအလာများ တွေ့နေရပြီဟု အစချီ ရေးသားလာခဲ့သည်။
ပြည်ပမှ သံတမန်ရေး သို့မဟုတ် စစ်ရေးအရ ဝင်ရောက်စွက်ဖက်လာခြင်း မရှိပဲ စစ်မြေပြင်တွင် လက်ရှိ အတိုင်း ဆက်၍ သွားနေမည်ဆိုက အနှေးနှင့်အမြန် ပြိုလဲသွားရတော့မည် ဖြစ်သည်။
မကြာမီက ထုတ်ပြန်ခဲ့သော အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု ၏ လေ့လာချက် စာတမ်းတွင် မြန်မာ စစ်တပ်သည် အင်အား ၁၅၀,၀၀၀ သာ ရှိပြီး ထိုအထဲတွင် တိုက်ပွဲဝင် အသင့်အနေအထား ရှိသူ ၇၀,၀၀၀ သာ ရှိသည်ဟု ဖေါ်ပြထားသည်။ ယင်းသည် ယခင်က ခန့်မှန်းချက် ဖြစ်သည့် ၃၅၆,၀၀၀ ဆိုသည်နှင့် အပုံကြီး ကွာခြားလျှက် ရှိသည်။
သီအိုရီ အရ သောင်းကျန်းမှု ထိထိရောက်ရောက် တန်ပြန် တိုက်ဖျက်ရေး အတွက် လူဦးရေ ၁,၀၀၀ တွင် တပ်အင်အား ၂၀ ရှိရမည် ဖြစ်သည်၊ မြန်မာတွင် လူဦးရေ ၅၃ သန်း ရှိနေရာ တပ်အင်အားသည် အနည်းဆုံး တသန်း ကျော် ရှိဖို့လိုအပ်နေသည်။ နောက်ထပ် လေ့လာချက်တခု အရ လူဦးရေ ၁,၀၀၀ လျှင် တပ်အင်အား ၂.၈ ရှိရမည် ဆိုပြန်ရာ ထိုအတိုင်းဆိုက မြန်မာ စစ်တပ် အတွက် ၁၅၀,၀၀၀ ရှိရမည် ဖြစ်သည်၊ ယခုအခါ ထိုအရည်အတွက်ပင် တကယ်တမ်း ရှိမရှိက မေးခွန်းထုတ်စရာ ဖြစ်လာရသည်။
ထိုအရည်အတွက် သည် ရန်သူ နယ်မြေများထဲ ထိုးဖောက် သိမ်းယူပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အတွက် လုံခြုံရေး အပြည့်အဝ တာဝန်ယူပေးရန်အတွက် ဖြစ်သည်။ လက်ရှိ ၇၀,၀၀၀ ဆိုသည့် အင်အား သည် တန်ပြန်ထိုးစစ် ဆင်ပြီး ဆုံးရှုံးသွားသော နယ်မြေများကို ပြန် လည် သိမ်းယူရန် မည်သို့မျှ လုံလောက်သည့် အရည်အတွက် မဟုတ်ပေ။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ အရည်အသွေး ညံ့ဖျင်းနေမှု သည် နောက်ထပ် အရေးကြီးသော အချက် အဖြစ် ပါဝင်နေသည်။ ယခုအခါ တပ်အင်အား ကို တပ်ရင်း တပ်ဖွဲ့များမှ ထုတ်နှုတ်ပြီး ကြုံသလို ပေါင်းစပ် အသုံးပြုနေရသည့် အပြင် တိုက်ပွဲ အတွေ့အကြုံ မရှိသော အရာရှိများကိုပင် စစ်စခန်းများ ကွပ်ကဲခိုင်းနေရပြီ ဆိုသည့် သတင်းများ ထွက်ပေါ်လာခဲ့ပြန်သည်။ တပ်အင်အား ကို မြှင့်တင်ရန် အတင်းအဓမ္မ အကျပ်ကိုင်ကာ လူသစ် စုဆောင်းနေရပြီ ဖြစ်သည်။
လက်ရှိ ရှေ့တန်း တွင် တိုက်နေရသော တပ်များအကြား စိတ်ဓါတ်များ ကျဆင်းလာပြီး ၎င်းတို့တပ်စခန်းများအား ခုခံရမည့်အစား လက်နက်ချသူချ၊ အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးသူပြေး ဖြစ်ကုန်ကြသည်။ စစ်တပ်အဖို့ တော်လှန်ရေး တပ်ဖွဲ့များ ရှေ့သို့ဆက်၍ မချီတက် နိုင်အောင် လေကြောင်းအင်အား တခုတည်းသာ အားကိုးနေရပြီ ဖြစ်သော်လည်း ၎င်းတို့ ဝေဟင်ကို စိုးမိုးထားနိုင်မှု ကို စိန်ခေါ်လာကြပြီ ဖြစ်သည်။
တော်လှန်ရေး တပ်ဖွဲ့များက စစ်လေယာဉ်များကို ပစ်ချနိုင်ခဲ့သည့်အပြင် စစ်စခန်းများကို ဒရုန်းများ သုံး၍ အောင်မြင်စွာ တိုက်ခိုက်လာနိုင်သည်ကို တွေ့လာရသည်။
စစ်မြေပြင်တွင် အရေးနိမ့်လာမှု များကြောင့် အာဏာသိမ်း အဖွဲ့အတွင်း အကွဲအပြဲများ ဖြစ်လာနေသည်။ ၎င်းတို့အား ထောက်ခံသူများပင် လူထု အစည်းအဝေးခေါ်ယူပြီး မင်းအောင်လှိုင်အား ရာထူးမှ ဆင်းပေးရန် တောင်းဆိုလာကြသည်။
လက်ရှိ စစ်မြေပြင် အနေအထား ဆိုးဝါးလာနေ၍ အတွင်းတွင် လှိုက်စား ကွဲအက်လာမှုကို စစ်ကောင်စီ အဖို့ မည်သို့မျှ ခွင့်ပြု၍ မဖြစ်နိုင်သည့် နောက်ထပ် စိန်ခေါ်မှုကြီး ဖြစ်လာရသည်။ စစ်ရေးအရ ထပ်၍ အရေးနိမ့်လာလေ မင်းအောင်လှိုင်အား နှုတ်ထွက်ပေးရန် တောင်းဆိုမှုများ မြင့်တက်လာမည် ဖြစ်ပြီး စစ်ကောင်စီ ၏ လက်ရှိ ခနော်နီ ခနောနဲ့ အာဏာဆုပ်ကိုင်ထားမှု သည် ပို၍ ဆိုးလာတော့မည် ဖြစ်သည်။
နောက်ဆုံး တွင် စစ်ကောင်စီသည် ပြင်ပ မှ အဆက်အသွယ်များ ဖြတ်တောက်ခြင်း ခံရတော့မည် ဖြစ်သည်။ တော်လှန်ရေး တပ်ဖွဲ့များသည် တရုတ်၊ အိန္ဒိယ တို့နှင့် ထိစပ်နေသော နယ်မြေများ အားလုံးကို သိမ်းပိုက်ထားပြီး ဖြစ်သည်။ ပြည်နယ် မြို့တော် ဖြစ်သော လွိုင်ကော်ကို ပင် သိမ်းယူနိုင်ရန် တိုက်ပွဲများ ဖြစ်ပွားနေသည်။ ရက္ခိုင်တပ်တော် သည် တရုတ် စီးပွားရေး ဇုံ အနီးရှိ ဓညဝတီ ရေတပ်စခန်းကိုပင် တိုက်ခိုက်လာခဲ့သည်။
တဖြေးဖြေး နှင့် စစ်ကောင်စီ တပ်များသည် နေပြည်တော် နှင့် ရန်ကုန် မြို့ကြီးများသို့ တွန်းထုတ်ခြင်း ခံရတော့မည် ဖြစ်သည်။ ထိုအခါတွင်လည်း ထိုမြို့ကြီးများ အား ဝိုင်းပတ် ပိတ်ဆို့ထားပြီး ဆက်သွယ်ရေး လမ်းကြောင်းများ ဖြတ်တောက်ခံရဖို့ ရှိနေသဖြင့် ထီးထီးကြီး ကျန်နေပေတော့မည်။
စစ်ကောင်စီသည် လေတပ်အင်အားကို အမှီပြုပြီး တော်လှန်ရေး တပ်များ ရှေ့သို့ဆက်၍ ချီတက် မလာနိုင်အောင် ဟန့်တားနိုင်ဖွယ်ရှိနေသည်။ သို့သော် လေတပ်အင်အား တခုတည်းဖြင့် မည်သို့မျှ လုံလောက်နိုင်စရာ အကြောင်းမမြင်ပေ။ ဥပမာ ပြရက ဗီယက်နမ် စစ်ပွဲ အတွင်း အမေရိကန် လေတပ်သည် ဗုံးတန်ချိန် ၅ သန်း ခန့် ကြဲချခဲ့သော်လည်း ၁၉၇၅ တွင် အရေးနိမ့်သွားခဲ့ရသည် မဟုတ်ပါလား။
ပြည်ပ အင်အားစုများ ဝင်ရောက် မစွက်ဖက်လာသရွေ့ အာဏာသိမ်း အဖွဲ့သည် ရှေ့ဆက်ပြီး ကျင်းထဲကျပ်တဲ ရောက်လာတော့မည် ဖြစ်သည်။ ဘာတွေ ဆက်ဖြစ်လာမည်လဲ ဆိုသည်ကား လောလောဆယ် မည်သူမျှ အတိအကျ မပြောနိုင်ပဲ ခန့်မှန်းနိုင်ယုံသာ ရှိနေဦးမည် ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!