မြောင်ခင်ရန်းက ခလေးနှစ်ယောက်တွက် အကြွေးတောင်းရအောင်

မြောင်ခင်ရန်း စစ်ရာဇဝတ်မှု ဘယ်သူ​​တွေဦး​ဆောင်ခဲ့လဲ

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာ၌ စစ်ကောင်စီတပ်နှင့်

ပျုစောထီးများက အများပြည်သူမြင်ကွင်းတွင် ရက်စက်စွာ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သော ကာကွယ်ရေးရဲဘော်နှစ်ဦးမှာ ယောကာကွယ်ရေးတပ်(YDF) ဖိုးတေနှင့် သားထောင်တို့ဖြစ်​သည်။

ဖိုးတေနှင့်သားထောင်သည် ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၇ရက်က YDF ဦး​ဆောင်၍ ​မဟာမိတ်တပ်ဖွဲ့များက မြောက်ခင်ရန်းပျူရွာမှ စစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းယောကာကွယ်ရေးတပ်က​ဖေ​ဖော်ဝါရီ ၆ ရက်ညပိုင်းက တရားဝင်ထုတ်ပြန်အသိ‌ပေးလာသည်။

အရက်မူးနေသည့်အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက ကာကွယ်ရေးရဲဘော်နှစ်ဦးအား လမ်းမပေါ်၌နှိပ်စက်ရိုက်နှက်ပြီး သစ်ပင်တွင် ကြိုးတုပ်ကာ တွဲလောင်းချ၍ မီးရှို့သတ်ဖြတ်သည့်ဗီဒီယိုဖိုင်သည် ယမန်

နေ့(ဖေဖော်ဝါရီလ ၆ရက်) နံနက်က ထွက်ပေါ်လာခြင်းဖြစ်

သည်။ အဆိုပါရုပ်သံဖိုင်​ကြောင့် နိုင်ငံတစ်ဝန်းရှိပြည်သူများလည်း ထိတ်လန့် ၊ဝမ်းနည်း ၊​ဒေါသထွက်ခဲ့ကြသည်။

ရွာမြောက်ဘက်အထွက် ဆေးရုံရှေ့မှ ကုက္ကိုလ်ပင်တွင် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခြင်းခံခဲ့ရခြင်းဟုယောကာကွယ်ရေးတပ်၏ ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

” မသတ်ခင်မှာ အကြိမ်ကြိမ် ညှင်းပန်းနှိပ်စက်မှုများစွာကိုလည်း ပြုလုပ်ခဲ့ကြတယ်။ ရွာကလူတွေကို တစ်အိမ်တစ်ယောက် ခေါ်ပြီး အကြမ်းဖက်မှုတွေကို ကြည့်ခိုင်းခဲ့တယ်”ဟု ယောကာကွယ်ရေးတပ်က ထုတ်ပြန်သည်။

ထိုဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းသတင်းများကြားသိထားရ​သော်လည်း ဗီဒီယိုဖိုင်မှတ်တမ်းသည် ယခုမှသာထွက်ပေါ်လာခြင်းဟု ဂန့်ဂေါ့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

” ဒီလူရက်ရက်စက်စက်သတ်ဖြတ်မှုမှာ ပါဝင်တဲ့သူတွေကို အရေးယူနိုင်ဖို့အတွက် ကျနော်တို့ကြိုးစားသွားမှာပါ။ အဲဒီဖြစ်ရပ်ဖြစ်တဲ့အချိန်က မြောက်ခင်ရန်းရွာမှာ ဗိုလ်မှူးသန်းနိုင်ဆိုတဲ့သူ တာဝန်ကျနေတာပါ။ သူနဲ့ သူနောက်လိုက် ပျူစောထီးတွေကျူးလွန်တာပါ” ဟု ၎င်းကပြောသည်။

ထိုဖြစ်စဉ်ကို ဗိုလ်မှူးသန်းနိုင်နှင့် ပျူသင်တန်းမှူးဆန်းဝင်းအောင်ဆိုသူတို့ အဓိကကြိုးကိုင်ခဲ့ခြင်းဟုဒေသခံတော်လှန်

ရေးအင်အားစုများကပြောသည်။

“ကလေးဒကစက ဗိုလ်မှူးသန်းနိုင် ကြိုးကိုင်ခဲ့တာ။ မီးရှို့တဲ့ ဖြစ်စဉ်မှာ သူတို့ ရှိခဲ့တယ်။ ဆန်းဝင်းအောင်ကတော့ အခု ရွာမှာရှိတယ်။ သန်းနိုင်ကတော့ ပြောင်းသွားပြီ” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။

မီးရှို့အသတ်ခံရသော ကာကွယ်ရေးရဲဘော်နှစ်ဦးသည် တိုက်ပွဲအတွင်း စစ်ကောင်စီနှင့်ပျူ‌ စောထီးများက အရှင်ဖမ်းဆီးခံရသူများဖြစ်သည်။ သို့သော် စစ်သုံ့ပန်းဥပဒေနှင့်အညီ ကိုင်တွယ်ခဲ့ခြင်းမရှိသည်သာမက လူမြင်ကွင်း၌ပင် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သည်။ ထို့အပြင် မီးရှို့သတ်ဖြတ်ခဲ့သည့်လူအုပ်စုက ဆောင်း​ဘောက်ဖြင့်သီချင်းများဖွင့်ကာ မူးရူးကခုန်ရင်း အောင်ပွဲခံခဲ့ကြ​လေသည်။

ယောကာကွယ်ရေးတပ်သည် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)အောက်၌မရှိ​ပေ။ စစ်ဆင်​ရေးများကို YDF မှာမဟာမိတ်တပ်ဖွဲ့များနှင့် ပူး​ပေါင်းပြုလုပ်​လေ့ရှိသည်ကို​တွေ့ရသည်။

ယောကာကွယ်ရေးတပ်နှင့် ပူးပေါင်းတပ်ဖွဲ့အချို့ မြောက်ခင်ရန်းရွာပျူစခန်းကိုမတိုက်ခိုက်မီ ဂန့်ဂေါမြို့ နယ်မှ မင်းရွာရဲစခန်းကို ‌နိုဝင်ဘာလ ၃ရက်နံနက်တွင် NUG ကာကွယ်​ရေးဝန်ကြီးဌာနအောက်ရှိ ဂန့်ဂေါခရိုင်တပ်ရင်းများနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။မင်းရွာရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ဦးထက်မနည်း သေဆုံးပြီး ၁၀ဦးအရှင် ဖမ်းမိထားကာ သေနတ် အလက် ၂၀ ကျော် သိမ်းဆည်းနိုင်ခဲ့သည်။

၁၀၂၇ စစ်ဆင်​ရေးနှင့်အတူ နိုင်ငံတစ်ဝန်း ခုခံ​တော်လှန်စစ်ပွဲမျာ အရှိန် မြှင့် ​နေရာ PDF ခရိုင်တပ်ရင်းများက မင်းရွာရဲစခန်းသိမ်းပြီး ​လေးရက်အကြာတွင် YDF ဦး​ဆောင်​သော မဟာမိတ်တပ်ဖွဲ့များက မြောက်ခင်ရန်းရွာကို နိုဝင်ဘာ ၇ ရက်၌ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ပွဲသည် သတင်းပေါက်ကြားမှုဖြစ်ခဲ့ပြီး ရန်သူဘက်မှလက်ဦးမှုရယူတိုက်ခိုက်ခံခဲ့ရသည်ဟု ယောကာကွယ်ရေးတပ်က ၂၀၂၃ နိုဝင်ဘာလ ၉ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ တိုက်ပွဲ၌ YDF မှ ရဲ​ဘော်နှစ်ဦး အပါအဝင် ရဲဘော်ငါးဦးကျဆုံးပြီး ငါဦးဒဏ်ရာရကာ ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း၊ လက်နက်ခဲယမ်းဆုံးရှုံးခဲ့ကြောင်း တိုက်ပွဲဖြစ်ပြီး ၂ ရက်အကြာ နိုဝင်ဘာ ၉ ရက်ကထုတ်ပြန်ခဲ့သည်။

ထိုစစ်ဆင်​ရေးကို YDF ၊ YPDF ၊ CNA ၊ CDF( KKG) ၊ နဂါးညီ​နောင်ပကဖ ၊​ယောညီ​နောင် ပကဖ တို့ ပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မြောက်ခင်ရန်းရွာပျူစခန်းကို တိုက်ခိုက်ခဲ့ရာတွင် စစ်​​ရေး အ​ရေးနိမ့်ခဲ့ခြင်းမှာ စစ်‌ရေးကြိုတင်ပြင်ဆင်မှုနှင့် စစ်​ရေးဗျူဟာ အားနည်းချက်​ကြောင့်ဖြစ်​ကြောင်းဒေသခံအချို့ကိုယ်တိုင်က ဂရုဏာဒေါသောဖြင့် မှတ်ချက်ပြုခဲ့ကြသည်။

” ဘူးလက်လှ‌‌ ဆွေရဲ့ရွာ။ အဲ့ရွာကို ဘူးလက်လှဆွေက သူ့ခြေသူ့လက်နဲ့ ကိုင်ထားတာ။ စစ်တပ်အရာရှိတွေနဲ့ အပိုင်ထိုင်ထားတာ။ ထောက်ခံသူတွေလည်း ရှိတယ်။ မထောက်ခံသူတွေလည်း ရှိတယ်။ ဒီလိုရွာကို ပေါ့တန်တန်သွားတိုက်လို့ ကိုယ့်ဘက်က ထိတာ” ဟု ဂန့်ဂေါမြို့ခံတစ်ဦးကပြောသည်။

စစ်တပ်အရာရှိဟောင်းနှင့် ဦးသိန်းစိန်လက်ထက် အမတ်ဟောင်းဖြစ်သော ဘူးလက်လှ‌ဆွေသည် မြောက်ခင်ရန်းရွာသားဖြစ်သည်။ ‌စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက် မြောက်ခင်ရန်းရွာကို ပျူစောထီးရွာအဖြစ် ၎င်းက ပုံသွင်းခဲ့သည်။ စစ်တပ်က နောက်ကွယ်မှ ထောက်ပံ့သည့် ငွေကြေးများဖြင့် ဒေသခံများအကြား အမုန်းစကားများ ဖြန့်ဝေကာ ပဋိပက္ခကို မီးမွှေး‌နေသူဖြစ်ကြောင်း ဒေသခံများကပြောသည်။

နိုဝင်ဘာ ၇ ရက် ​မြောက်ခင်းရန် ရွာတိုက်ပွဲတွင် ​တော်လှန်​ရေးပူး​ပေါင်းတပ် အထိနာပြီး ပြန်ဆုတ်သွားပြီး​နောက်

ဘူးလက်လှ​ဆွေက

“ဂန့်ဂေါ မြောက်ခြမ်း ၊ကျနော့်ရွာ က ကျနော့်အားကိုးပြီး ပထမဆုံးပြည်သူ့စစ် စ ဖွဲ့တဲ့ရွာဖြစ်တယ် ၊ အဲ့ဒီပါတ်ဝန်းကျင် ၁၂ ရွာပြည်သူ့စစ်ဖွဲ့နိုင်တယ် ၊ ပြောင်းသွားတဲ့ က လေး ဒကစ မှုးနဲ့ကအဆင်ပြေတယ် ၊ ၁၂၀ မမ က အစ ရှိတယ် ၊ အခုအသစ်ပြောင်းလာတဲ့ ဒကစ မှုးနဲ့က အစဥ်မပြေဘူး ၊ ဖုံးတောင်မကိုင်ဘူး ၊ တောင်ခင်ရန်း မြောက်စည်း စခန်းတွေကျသွားတော့ကျနော့်ရွာကိုဝိုင်းချတော့မယ်ဆိုတာကြိုသိလို့ တာဝန်ရှိသူတွေကို ၄ ရက်လောက်ကြိုပြောလည်းအလကားဘဲ ။ဘယ်သူမှ စစ်ကူမလာလည်းနေ ဇ ရှိရင်တက်ခဲ့ကြ ။ကိုယ့်အစွမ်းအစနဲ့ကိုယ် ခံချမယ် “ဟု Nay Chi အမည်ဖြင့် ၎င်းအသုံးပြု​သော​ဖေစ်ဘွခ်တွင်​ရေးသားဝင့်ကြွားခဲ့သည်။

ယခုထွက်ပေါ်လာသော ဗီဒီယိုဖိုင်ပါ မီးရှို့သတ်ဖြတ်ခံရသည့် ရဲဘော်နှစ်ဦးမှာ နိုဝင်ဘာလ (၇ )ရက်တိုက်ပွဲ၌ ကျဆုံးသည်ဟု ယူဆခဲ့သော ရဲဘော်နှစ်ဦးဖြစ် သည်။

အမှန်တွင် တိုက်ပွဲ၌ ကျဆုံးခဲ့ခြင်း မဟုတ်ဘဲ ဖမ်းဆီးခံရပြီးဝိုင်းဝန်း နှိပ်စက်သတ်ခဲ့ကြခြင်းဖြစ်​နေသည်။

လူငယ်ရဲ​ဘော်နှစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်​သောရုပ်သံဖိုင်​ကြောင့်ပြည်သူများ ထိတ်လန့် ဝမ်းနည်းခဲ့သလို ၊ ​ဒေါသများလည်းပြင်းစွာထွက်လျှက်ရှိသည်။

“လူယုက်မာတွေအတွက်သူတို့ထက်ပိုပြီးယုက်မာပြလိုက်ချင်တယ်”ဟု အဆိုပါရုပ်သံဖိုင်ကြည့်ပြီး​နောက်လူငယ်တစ်ဦးက​ရေးသားထားသည်။

ထို​ကြောင့်BPLA ကွတ်ကဲ​ရေးမှူး​မောင်​ဆောင်းခ ကလည်း

“ဒီနေ့ အရှင်လတ်လတ်မီးရှို့တဲ့ဗီဒီယိုဖိုင်က လူတိုင်းကို စိတ်ထိခိုက်ဝမ်းနည်းစေတယ်။ ဒေါသထွက်စေတာပါပဲ။ နောက်ပြီး သူတို့လူတွေကို ငါတို့ဘက်ကအရှင်ဖမ်းမိတဲ့အခါ အဲ့လိုမျိုးတွေပြန်လုပ်ကြမယ်ဆိုတာမျိုး ဒေါသအလျောက်ပြောဆိုနေကြတာလည်း ဖတ်ရပါတယ်။ အဲ့လိုသွားလုပ်လိုက်ရင်တော့ ရန်သူနဲ့ ကျနော်တို့နဲ့ တတန်းစားတည်းဖြစ်သွားမှာပါ။ ကျနော်တို့က ရန်သူထက် ကျင့်ဝတ်ရော စည်းစနစ်ရော ကောင်းမွန်သာလွန်ကြောင်း သက်သေပြဖို့လိုပါတယ်။ သူတို့ကို အဲ့ဒီနည်းနဲ့ပဲ အနိုင်ယူရမှာဖြစ်ပါတယ်။လူသားဆန်ရတာ ပင်ပန်းတယ်ဆိုပေမယ့်လည်း မှန်ကန်တဲ့လုပ်ရပ်ဖြစ်လို့ ကျနော်တို့တော်လှန်ရေးဘက်တော်သားတွေအနေနဲ့ ကျင့်ဝတ်စည်းကမ်းတွေကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံအောင် စောင့်ထိန်းကြစေလိုပါတယ်။”ဟု ​နွေဦး​တော်လှန်​ရေးတွင်စစ်​ရေးကျင့်ဝတ် အ​ရေးကြီးပုံကို​ဖေ​ဖော်ဝါရီ၆ ရက်တွင်​ရေးသားထားသည်။

အဆိုပါ ဗီဒီယိုဖိုင် ထွက်ပေါ်လာပြီးနောက် မြောင်ခင်ရန်းရွာ၏ ထွက်ပေါက်ဝင်ပေါက်အားလုံးကို စစ်ကောင်စီတပ်နှင့်ပျူစောထီးများက ပိတ်ဆို့လိုက်သည်။ ဒေသခံများကို ရွာအပြင်ဘက်သို့ လုံးဝထွက်ခွာခွင့်မပေးတော့ကြောင်း စုံစမ်းသိရှိရ​လေသည်။ ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *