ခမရ ၁၁၉ဆို့အောက်ပါ မဂ်လာရှိသော နံနက်ခင်းလေးပါ

ဖားကန့်မြို့နယ်၊ တာမခန် ခမရ ၁၁၉ စခန်းကို ၁၃ ရက်အကြာ တိုက်ခိုက်ပြီးနောက်သိမ်းပိုက်ရရှိ၊ KIA က ခလရ ၄၆ အပါအဝင် စစ်ကောင်စီတပ်စခန်းများကို ဆက်တိုက်သိမ်းယူနေ

ရန်ကုန်၊ မတ် ၁၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၁၁၉ စခန်းကုန်းကို ၁၃ ရက် အကြာ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစတင်ပြီး တာမခန်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၁၁၉ စခန်းကို KIA ဦးဆောင်သော ပူးပေါင်းတပ်များက စတင်တိုက်ခိုက်ခဲ့ပြီး ပထမဦးစွာ တာမခန်ကျေးရွာနယ်မြေရဲစခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယင်းနောက် တာမခန်စစ်တပ်စခန်းကို မတ်လ ၉ ရက်နေ့ ည ၈ နာရီတွင် သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။

“မနေ့ည ၈ နာရီမှာ တာမခန် စစ်တပ်စခန်းကုန်းကို သိမ်းပိုက်ရရှိပါတယ်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကနေ မတ်လ ၈ ရက်နေ့ အထိ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ခွေး သေဆုံးမှုနဲ့ လက်နက်ခဲယမ်းရရှိမှုကတော့ စိစစ်နေတုန်းပါပဲ” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် ကချင်ပြည်နယ်၊ KIO ၏ လိုင်ဇာဌာနချုပ်အနီးတဝိုက်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် မဟာမိတ်ပူးပေါင်းတပ်များက မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဒေါ့ဖုန်းယန် ခလရ ၁၄၂ ၊ ပန်စွန် ဂေါ့နူ၊ ခလဂဒေါင် တပ်စခန်းများကို သိမ်းပိုက်ရရှိထားကြောင်း KIA က တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အလားတူ မတ်လ ၉ ရက်နေ့နံနက်ပိုင်းတွင်လည်း KIO ၏ လိုင်ဇာဌာနချုပ်အနီးရှိ လဂျားယန် မဆန်ကောင့် တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ရရှိ ထားကြောင်း၊ လိုင်ဇာဌာနချုပ်ကို လက်နက်ကြီးဖြင့် အမြဲတမ်းပစ်ခတ်နေသည့် ခယာဘွမ်း စစ်ကောင်စီ တပ်စခန်းကိုလည်း မတ်လ ၉ ရက်နေ့ ညနေပိုင်း တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ မတ်လ ၈ ရက် ညပိုင်းတွင်လည်း ဆဒုံး-ကန်ပိုက်တီ လမ်းပေါ်မှ လဂတ်ကောင် စစ်တပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိထားကြောင်း၊ မတ်၈ ရက်နေ့ ညပိုင်းတွင်လည်း ဆွမ်ပရာဘွမ် -မလိယန် အကြားရှိ စစ်ကောင်စီ၏ ခလရ ၄၆ ကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ဆွမ်ပရာဘွမ် မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၁၆ ဦး လက်နက်နှင့်တကွ KIA ထံ အလင်းဝင်ရောက်လာကြောင်း KIA ၏ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

လက်ရှိတွင် KIA လိုင်ဇာဌာနချုပ်အနီး တပ်စွဲထားသည့် စစ်ကောင်စီ၏ တပ်စခန်းများကို KIA ဦး ဆောင်သော ပူးပေါင်း အဖွဲ့များက ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကာ KIA တပ်မဟာ နေရာများ တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ ည ၈ နာရီအချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန် ကျေးရွာအနီးရှိ ခမရ ၁၁၉ စခန်းကုန်းကို သိမ်းပိုက်ရရှိပြီး ရရှိထားသည့် လက်နက်ခဲယမ်းများ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *