ရေတာရှည်မှာ စစ်တပ်သတင်းပေး လင်မယား ၂ ဦး အသတ်ခံရ
မတ်လ ၁၂
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သိုင်းဝကျေးရွာအုပ်စု၊ ကျွန်းတောစုကျေးရွာက စစ်တပ်သတင်းပေး လင်မယား ၂ ဦး ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တဦးဆီက သိရပါတယ်။
မတ်လ ၁၀ ရက် ည ၁၀ နာရီကျော်လောက်မှာ အသက် ၅၀ ကျော်အရွယ် ဦးရွှေအိုးနဲ့ ဇနီးဖြစ်သူ အသက် ၄၀ ကျော်အရွယ် ဒေါ်ခင်စိုးရီတို့ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။”အမျိုးသမီးကိုတော့ သူ့နေအိမ်ရှေ့မှာပဲ ရှင်းလိုက်တယ်။
အမျိုးသားကိုတော့ ရွာအပြင်လမ်း တနေရာမှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်”လို့ ဒီရှင်းလင်းမှုမှာပါဝင်တဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။ပစ်ခတ်ခံရပြီးနောက် ဒေါ်ခင်စိုးရီမှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ ဦးရွှေအိုးမှာတော့ လည်ပင်းနဲ့ လက်တွေမှာ ဒဏ်ရာရပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ ၂ ဦးဟာ ၂၀၂၂ ခုနှစ်ကတည်းက စစ်ကောင်စီတပ်သားတွေနဲ့ပေါင်းပြီး လောင်းကစားလုပ်တာ၊ သတင်းပေးတိုင်ကြားတာတွေ လုပ်နေတာကြောင့် ဒေသခံတွေရဲ့တိုင်ကြားချက်အရ ကျေးရွာထဲကို ကွင်းဆင်းစုံစမ်းပြီးမှ အခုလိုရှင်းလင်းခဲ့တာလို့ အထက်ပါကာကွယ်ရေးအဖွဲ့ဝင်က ပြောပါတယ်။ “သတင်းပေးလုပ်တာက ၂၀၂၂ ကတည်းက၊ ရွာမှာစျေးရောင်း၊ တောင်သူလုပ်သလို ငွေတိုး ချေးစားတယ်။ စကစနဲ့ပေါင်းပြီးသတင်းပေးလုပ်တယ်။
ရွာထဲက စစ်ကောင်စီ ချိတ်ပိတ်ထားတဲ့နေအိမ် ၈ လုံးလောက်ရှိတယ်။ အဲဒီသော့တွေကို ဦးရွှေအိုးက ကိုင်ထားတယ်။ သူတိူ့သတင်းပေး ဒလန်လုပ်နေတာ ရွာကတိုင်ကြားလို့ ကျေးရွာထဲ ၃ ကြိမ်လောက် ကွင်းဆင်းစုံစမ်းပြီးမှ ရှင်းခဲ့တာ။” လို့ သူက ပြောပါတယ်။
ပစ်ခတ်ခံရပြီးနောက် အလောင်းတွေကိုတော့ မတ်လ ၁၁ ရက်မှ ဒေသခံတွေက ကောက်ယူပြီး ရေတာရှည်ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။ ဇန်နဝါရီလ ၁၆ ရက်ကလည်း ရေတာရှည်မြို့နယ်၊ ဇေယျာသိမ်ကျေးရွာနဲ့ ကျွန်းတိုင်ကျေးရွာကြား လမ်းပေါ်မှာ ဇေယျာသိမ်ကျေးရွာနေ ကြံခိုင်ရေးပါတီဝင် အမျိုးသမီး ၁ ဦး အသတ်ခံခဲ့ရပါသေးတယ်