ရှမ်းပြည်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး ၁၀ ရက်မြောက်အဖြစ် စစ်ကောင်စီတပ်စခန်း ၁၂၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်၊ စခန်းများ တိုက်ခိုက်သိမ်းပိုက်ရာတွင် မိနစ်ပိုင်းမျှသာ ကြာတော့
ရန်ကုန်၊ နိုဝင်ဘာ ၅
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး ၁၀ ရက်မြောက်အဖြစ် စစ်ကောင်စီတပ်စခန်း ၁၂၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောသည်။
နိုဝင်ဘာလ ၅ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး ၁၀ ရက်တာကာလအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ရန်သူစစ်ကောင်စီ၏ စစ်ရေးအရအရေးပါသော တပ်စခန်းအကြီး၊ အငယ်များ၊ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာစခန်းများ၊ ၎င်းတို၏ လက်အောက်ခံပြည်သူ့ စစ်စခန်းများ အပါအဝင် တပ်စခန်းစုစုပေါင်း (၁၂၀) ကျော်အား သိမ်းပိုက်ခဲ့ပြီး တင့်ကားကြီးများ၊ ဟောင်ဝစ်ဇာလက်နက်ကြီးများ နှင့် လေယာဥ်ပစ်လက်နက်ကြီးများနှင့် စစ်လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲမှ ကိုးကန့်တပ်မတော် (MNDAA) နှင့် တအာင်းတပ်မတော် (TNLA) တိံက စစ်ကောင်စီတပ်စခန်းတချို့ကို တိုက်ခိုက် ချေမှုန်းခဲ့ကြောင်း၊ နိုဝင်ဘာလ ၅ ရက်နေ့၊ နံနက် ၁၀ နာရီ ၁၀ မိနစ် အချိန် ကိုးကန့်တပ်မတော် (MNDAA) က မုံးကိုးခရိုင်၊ ရှောက်ချင်းရှုဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းကို စတင်ထိုးစစ်ဆင်ခဲ့ပြီး ၁၀ မိနစ်ခန့်အကြာတွင် အပြီးသတ်ချေမှုန်း သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၅ ရက်နေ့၊ နံနက် ၆ နာရီအချိန်ခန့် တအာင်းတပ်မတော် TNLAက နမ့်ခမ်းမြိုနယ်၊ မိုင်းဝီးကျေးရွာအုပ်စုရှိ စစ်ကောင်စီ၏ “မန်ဝင်တပ်စခန်း” အား အပြီးသတ်ချေမှုန်း သိမ်းပိုက်ခဲ့ကြောင်း၊ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြိုနယ်၊ ပန်သပြေကျေးရွာရှိ၊ စစ်ကောင်စီတပ်စခန်းကိုလည်း အပြီးသတ်ချေမှုန်း သိမ်းပိုက်ခဲ့သည့်အပြင် စစ်ကောင်စီ၏ စစ်ကူ ကား ၄စီးကိုလည်း ကြားဖြတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ၊ ယနေ့ မွန်းတည့်ချိန်တွင် TNLA က မန်တုံမြိုနယ်၊ ခိုမုန်းကျေးရွာရှိ ရန်သူစစ်ကောင်စီ၏ “ခိုမုန်းတပ်စခန်း” အား အပြီးသတ်ချေမှုန်း သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၄ ရက်နေ့ တစ်ရက်တည်းတွင်ပင် ကိုးကန့်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တိုသည် ကိုးကန့်ခရိုင်နှင့် မုံးကိုးဒေသအတွင်း စစ်ရေးအရအရေးပါသော စစ်တပ်၏ တပ်စခန်းပေါင်း (၈) ခုထက်မနည်း အပြီးသတ်ချေမှုန်း သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။