လောက်ကိုင်မြို့တွင်ပိတ်မိနေသည့် သူဌေးတစ်ဦးလျှင် ယွမ် ၇ သိန်းဖြင့် စစ်တပ်သယ်ထုတ်ပေးနေဟုဆို
5 October 2023 By MPA CJ 020
ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့တွင် ပိတ်မိနေသည့် သူဌေးများကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် သယ်ဆောင်ပေးနေပြီး လူတစ်ဦးလျှင် တရုတ်ငွေ ယွမ် ၇ သိန်း(မြန်မာကျပ်ငွေ သိန်း ၂၉၀၀) ဝန်းကျင် ခန့်ပေးရကြောင်း မြို့ခံသတင်းအရင်းအမြစ်များထံကသိရသည်။
လောက်ကိုင်မြို့အတွင်း ကျားဖြန်လုပ်ငန်းများပိုင်ရှင်များ ပိတ်မိနေခြင်းကြောင့် နိုဝင်ဘာလမှစတင်ကာ စစ်ကောင်စီတပ်က အခကြေးငွေယူ၍ သယ်ထုတ်ပေးနေခြင်းဖြစ်ပြီး တစ်ရက်လျှင်အနည်းဆုံး နှစ်ကြိမ် ခန့်လာရောက် သယ်ဆောင်ပေးကြောင်း လောက်ကိုင်မြို့ခံတစ်ဦးဆိုသည်။
“သူဌေးတွေပဲ ပြန်ကြတာ၊ တရုတ်ပြည်ဘက်ကိုပို့တာမဟုတ်ဘူး။ မြန်မာနိုင်ငံထဲကပဲ တခြားဒေသတွေ ကိုပို့ပေးတာ၊ ရဟတ်ယာဥ်နဲ့ကြိုတယ်ဆိုတော့ သိန်းရာဂဏန်းလောက်ထိပဲမှန်းထားတာ၊ ဒီလောက်အ ထိ ပေးရလိမ့်မယ်တော့မထင်ထားကြဘူး။ ကြားပွဲစားတွေလည်း ယူကြတယ်နေမှာ”ဟု မြို့ခံအမျိုးသမီး တစ်ဦးကပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြောက်ပိုင်းမဟာမိတ်တပ်များက ၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တို ဘာ ၂၇ ရက်နေ့မှစတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်လာခဲ့ရာမှ လမ်းပန်းဆက် သွယ်ရေးပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။
“အခုအကုန်ပိတ်မိနေကြပြီ၊ အဆင်မပြေဘူး။ ဖုန်းလိုင်းလည်းမရဘူး။ သူဌေးတွေကတော့ပြန်လို့ရ ပေမယ့် ကျွန်တော်တို့လို ပိတ်မိနေသူတွေအများကြီးရှိတယ်၊ အိမ်ကနေဘယ်မှလည်းမသွားရဲဘူး။ အင်တာနက်လည်းချိတ်ဆက်လို့မရဘူး၊ ကြာရင်ငတ်တော့မယ် “ဟု ရွေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။
လောက်ကိုင်မြို့အတွင်း အခြားဒေသများမှ လာရောက်အလုပ်လုပ်ကိုင်ကြသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီပိတ်မိနေပြီး စားနပ်ရိက္ခာအခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ညီနောင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသည် နိုဝင်ဘာ ၄ ရက်နေ့အထိ စစ်ကောင် စီတပ်စခန်း ၁၀၆ ခုကို သိမ်းပိုက်ထားနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရသိရသည်။