ရေဦးတွင် Sagaing Federal Wings အဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး ၁၂၀-မမ လက်နက်ကြီးနှင့် သံချပ်ကာကား ပျက်စီး
ဧရာ၀တီတိုင်းမ်
နိုဝင်ဘာလ ၇ ရက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့ တိုင်းရင်းဆေးရုံတွင် လက်နက်ကြီးများ၊ ခဲယမ်းမျိုးစုံ နှင့် သံချပ်ကာကားတို့ကို သိုလှောင်၍ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ နိုဝင်ဘာ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်း ဖက်ဒရယ် Wings အဖွဲ့က ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ် ဦးသေဆုံးပြီး ၁၂၀-မမ လက်နက်ကြီးနှင့် သံချပ်ကာကား တစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။
ရေဦးမြို့ တိုင်းရင်းဆေးရုံတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၄၄ မိနစ်ခန့်တွင် ဒရုန်းအကြီး လေးစီး၊ fixed wing ဒရုန်း နှစ် စီးဖြင့် ဗုံးသီး၁၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း စစ်ကိုင်း ဖက်ဒရယ် Wings အဖွဲ့ထံက သိရသည်။
“စစ်ဒေသ(၁) ရဲ့ တောင်းဆိုမှုကြောင့် ကျွန်တော်တို့ စစ်ကိုင်း ဖက်ဒရယ် Wings အဖွဲ့ဟာ စစ်ကိုင်းခရိုင်အတွင်း ထွက်ခွာလာပြီး ရေဦးနဲ့ ကန့်ဘလူနယ်တွေမှာ တိုက်ပွဲများ စတင်ဖော်ဆောင်နေပါပြီ။ စစ်ကောင်စီရဲ့ လက်နက် သိုလှောင် ရာနေရာ၊ စစ်ကောင်စီ တပ်က အကောင်ကြီးတွေ နေတဲ့အဆောက်အအုံ၊ သံချပ်ကာကား ထားရာနေရာ ၊ 120mm လက်နက်ကြီးရှိရာနေရာ နဲ့ အရေးပါတဲ့ အဆောက်အဉီးတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာပါ” စစ်ကိုင်း ဖက်ဒရယ် Wings အဖွဲ့ ၏ မြေပြင်တိုက်ပွဲဝင် တပ်ဖွဲ့ဝင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပူးပေါင်းတော်လှန်ရေး အဖွဲ့ဝင်များမှ လက်ဦးမှုရယူ၍ စစ်ကောင်စီတပ်ရှိရာ နေရာကောင်းများကို တိတိကျကျ တိုက်ခိုက်နိုင်ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ် ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရကာ သံချပ်ကာကားတစ်စီးနှင့် ၁၂၀-မမ လက်နက်ကြီးတို့မှာ လုံးဝ ပျက်စီးခဲ့ကြောင်း စစ်ကိုင်း ဖက်ဒရယ် Wings တပ်ဖွဲ့ထံက သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Sagaing Federal Wings၊ စစ်ကိုင်းခရိုင်အမှတ်(၅)တပ်ရင်း (MRA)၊ GTR(MMU)၊ ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း၊ ရေဦးPDFတို့က ပူးပေါင်းဆင်နွှဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်းအသုံးပြုသည့် ဒရုန်းဗုံးသီးများအားလုံးကို SDP2 ထုတ်လုပ်ရေး စခန်း မှ ထုတ်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၏ ခရိုင်မြို့ဖြစ်သည့် ကောလင်းမြို့ကို နိုဝင်ဘာလ ၆ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန (MOD)က ကြေညာခဲ့ပြီးနောက် သိမ်းယူထားသည့် ကောလင်း မြို့ကို အကာအကွယ်ပေးနိုင်ရန်အတွက် ယခုကဲ့သို့ လက်ဉီးမှုရယူ၍ တိုက်ခိုက်သွားရန် ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ- Sagaing Federal Wings