NLD အစိုးရ ကို ဝေဖန်ခဲ့သူ လူရွှင်တော် စတားကောင်းထက်က စစ်တပ်အတွက် စည်းရုံးလှည့်ဖျော်ဖြေပြီး ဒိန်းဒေါင်လည်း စစ်တပ် ဒေါက်တိုင်ဖြစ်လာ
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
အကြမ်းဖက် စစ်တပ်ကို ထောက်ခံတဲ့ သရုပ်ဆောင်နဲ့ဟာသပညာရှင်တချို့ဟာ နယ်လှည့်ကပြဖျော်ဖြေမှုတွေ လုပ်ဆောင်ပြီး စစ်တပ်အတွက် လူထုကို စည်းရုံး အလှူငွေ ကောက်ခံနေတာတွေ လုပ်ဆောင်နေတယ်လို့ တပ်သတင်းရင်းမြစ်တချို့ထံမှ သိရပါတယ်။
စစ်ကောင်စီက ညွှန်ကြားတာမဟုတ်ဘဲ စစ်ကောင်စီထောက်ခံတဲ့ လူရွှင်တော် စတားကောင်းထက်က သူ့အစီအစဉ်နဲ့သူ လှည့်လည် ကပြဖျော်ဖြေပြီး စစ်တပ်အတွက် စည်းရုံးတာတွေ လုပ်ဆောင်တဲ့အပြင် အလှူငွေတွေ ကောက်ခံ လှူဒါန်းတာတွေ ပြုလုပ်နေတာလို့ သိရပါတယ်။
လူရွှင်တော် စတားကောင်းထက် NLD အစိုးရကို တစ်လျှောက်လုံး ဝေဖန်ခဲ့သူဖြစ်ပြီး အခုလက်ရှိ စစ်အာဏာသိမ်းချိန်မှာတော့ စစ်တပ်အတွက် စည်းရုံးလှုပ်ရှားမှုတွေနဲ့ အလှူငွေကောက်ခံတာတွေကို လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။
ဒီဇင်ဘာလ ၉ ရက်နေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ နေပြည်တော်လယ်ဝေးမှာ ၁၀ ရက်တိုင်တိုင် စစ်တပ်အတွက် စည်းရုံးရေး ရန်ပုံငွေ ရှာဖွေရေး အတွက် စတားကောင်းထက် ဦးဆောင်တဲ့ လူရွှင်တော်အဖွဲ့က ကပြ ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒိန်းဒေါင် ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်တဲ့ မြန်မာနိုင်ငံလူရွှင်တော်အသင်းကလည်း စစ်တပ်အတွက် စည်းရုံးလှုပ်ရှားမှုတွေနဲ့ အကြမ်းဖက် စစ်သားတွေကို စာနာကြောင်းပြတဲ့ ကပြဖျော်ဖြေမှုတွေ လုပ်ဆောင်ဖို့ရှိနေတယ်လို့ သိရပါတယ်။ ဒိန်းဒေါင်ဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်တပ်ရဲ့ အမာခံ လူရွှင်တော်ဖြစ်လာပြီး စစ်တပ်နဲ့ပတ်သက်တဲ့ ပွဲတွေမှာ အဓိက ပါဝင်လှုပ်ရှားနေတာ လည်းဖြစ်ပါတယ်။
လူရွှင်တော် ဒိန်းဒေါင်က အကြမ်းဖက်မင်းအောင်လှိုင်ထံ စာအမျိုးမျိုးတင်ပြီး လူရွှင်တော်အသင်းဖွဲ့စည်းထူထောင်တာ၊ မြေနေရာတောင်းတာ၊ မြန်မာ့အသံမှာ လူရွှင်တော်ပြိုင်ပွဲနဲ့ ရိုက်ကူးရေးလုပ်ငန်းတွေ လုပ်ဆောင်တာတွေ စတဲ့ စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေး ဒေါက်တိုင်အဖြစ် ဆောင်ရွက်လာတာလည်းဖြစ်ပါတယ်။