ဒီထက်များများလှုနိုင်ပါစေ ဘပုရေ(ရုပ်သံ)

မုံးကိုးဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ဟောင်ဝစ်ဇာအမြောက် ၂ လက်၊ သံချပ်ကာ ကားနှင့် စစ်ကား အများအပြား ကို သိမ်းပိုက်ရရှိ

■ မုံးကိုးမြို့တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို MNDAA က ဆက်လက်တိုက်ခိုက်ရှင်းလင်းနေ

ရန်ကုန်၊ နိုဝင်ဘာ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ဟောင်ဝစ်ဇာအမြောက် ၂ လက်ကို ဖျက်ဆီးနိုင်ခဲ့ပြီး သံချပ်ကာ ကားနှင့်စစ်ကား အများအပြား ကို သိမ်းဆည်းရရှိခဲ့ကြောင်း MNDAA ကိုးကန့်မှ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၅ ရက်နေ့နှင့် ၆ ရက်နေ့ ၂ ရက်တိုက် စစ်ကောင်စီ၏ မုံးကိုးဗျူဟာကုန်းကို MNDAA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ကြောင်း၊ ယမန်နေ့ နိုဝင်ဘာလ ၇ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်တွင် MNDAA နှင့် မုံးကိုးလုံခြုံရေး အဖွဲ့တို့ ပူးပေါင်းကာ ဒရုန်း၏ ပစ်ကူမှုများဖြင့် ၎င်းဗျူဟာကုန်း ကို ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယမန်နေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ အချိန် အချိန်တွင် အောင်မြင်စွာသိမ်း ပိုက် နိုင်ခဲ့ကြောင်း၊ ယင်းစခန်းသိမ်းတိုက်ပွဲရှိ ဟောင်ဝစ်ဇာ အမြောက် ၂ လက်ကို ဖျက်ဆီးခဲ့ပြီး EE-9 ဘီးအမျိုးအစား သံချပ်ကာ ယာဉ် ၁ စီးကိုသိမ်းယူခဲ့ကြောင်း သိရှိရသည်။

မုံးကိုးတွင် ပန်လုံဗျူဟာနှင့် မုံးကိုးဗျူဟာစခန်းကြီးများ အပါအဝင် အဓိက အချက်အချာကျသော စခန်းများကို MNDAA က သိမ်းပိုက်ရရှိထားပြီး မုံးကိုးနေရာအများစုကို ထိန်းချုပ်ထားကြောင်း၊ မုံးကိုးမြို့တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက် နယ်မြေရှင်းလင်းနေဆဲဖြစ်ကြောင်း MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ပြောဆိုသည်။

“မြို့တွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆက်လက်ရှင်းလင်းနေပါတယ်” ဟု လီကျားဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *