စစ်တွေမြို့ပေါ် အလှူပေးမည့် တင့်ကားများ လှည့်လည်မောင်းနှင်

စစ်တွေမြို့တွင် စစ်တပ်က ညမထွက်ရ အမိန့် ထုတ်ပြန်ပြီးနောက် မြို့ထဲကို တင့်ကားများ ဝင်ရောက်လာ

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အကြမ်းဖက် စစ်တပ်က ညမထွက်ရ အမိန့် ထုတ်ပြန်ပြီးနောက် မြို့ထဲကို တင့်ကားများ ဝင်ရောက်လာကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ရသေ့တောင်၊ မင်းပြားမြို့နယ်တို့၌ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် စစ်တွေမြို့တွင် ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၉ နာရီမှ စ၍ နေအိမ်အပြင် မထွက်ရန် ပြည်နယ်စစ်ကောင်စီက အမိန့်ထုတ်ထားကြောင်း၊ စစ်တွေမြို့ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ အားလုံးကို ပြည်နယ်စစ်ကောင်စီ၏ အမိန့်ဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးက ခရိုင်အုပ်ချုပ်ရေးရုံသို့ ခေါ်ယူကာ ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်

ယင်းသို့ စစ်တွေ့မြို့ကို ညမထွက်ရ အမိန့်ထုတ်ပြန်ပြီးနောက် မြို့ထဲကို တင့်ကားများ ဝင်ရောက်လာကာ လှည့်လည်မောင်းနှင်လျက် ရှိကြောင်း၊ အကြမ်းဖက် စစ်တပ်၏ တင့်ကား ၃ စီးခန့်သည် စစ်တွေမြို့ လမ်းမကြီး၊ မေယုလမ်းနှင့် မင်းဘာကြီးလမ်းတစ်လျှောက်တွင် လှည့်လည်သွားလာနေကြောင်း သိရသည်။

“မေယုလမ်း လောကာနန္ဒာရှေ့က သွားလာနေတာ တွေ့လိုက်ရပါတယ်။ ရသေ့တောင်နဲ့ မင်းပြားမှာ တိုက်ပွဲတွေ ဖြစ်နေတော့ စစ်တွေမြို့ကို လုံခြုံရေးယူတဲ့ သဘောလား။ ဒါမှ မဟုတ် ပြည်သူတွေကို ခြောက်ချင်လို့လားတော့ မသိဘူး။ လက်နက်တွေ အပြည့်အစုံနဲ့ သွားလာနေတာ” ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ရသေ့တောင်နှင့် မင်းပြားမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် ‌AA တို့၏ တိုက်ပွဲများကြောင့် ရခိုင်ပြည်အတွင်း ရေလမ်း၊ ကုန်းလမ်းများအားလုံးအပြင် ရန်ကုန်၊ မန္တလေးဘက်မှ လာသော လမ်းများအားလုံးကိုလည်း အကြမ်းဖက် စစ်တပ်က ပိတ်ပင်ထားသည်ဟု ကားသမားများထံမှ သိရသည်။

(Western News-WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

Be the first to comment

Leave a Reply

Your email address will not be published.


*