ရခိုင်မုန့်တီတော့အဖြစ်မခံနိုင်ဘူး AAတော့အသာလေးအောက်ထည့်လိုက်ပီး

ရခိုင်တွင် စစ်ကောင်စီ ရဲတပ်စခန်း ၇ ခုမှ တပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ၊ တပ်စခန်း ၂ ခု AA ထံလက်နက်ချ

Western News| နိုဝင်ဘာ ၁၄

ရခိုင်တွင် ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်နေ့အတွင်း မြို့နယ်အလိုက် ရဲစခန်း ၇ ခုမှ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာခဲ့ကြပြီး ရဲတပ်စခန်း ၂ ခုမှာမူ AA ထံလက်နက်ချ အညံ့ခံခဲ့မှုရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

AA ထံလက်နက်ချခဲ့သည့် စစ်ကောင်စီ၏ ရဲတပ်စခန်း ၂ ခုမှာ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်ရှိသည့် ရဲစခန်းနှင့် ကျောက်ဖြူမြို့နယ် မြိုချောင်း အမှတ် (၇) ရဲစခန်းတို့ဖြစ်ပြီး လက်နက်ခဲယမ်းများနှင့်အတူ ရက္ခိုင့်တပ်တော်ထံ အလင်းဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။

ကျောက်ဖြူမြို့နယ် မြိုချောင်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် စခန်းမှူအပါအဝင် စုစုပေါင်း ၆ ဦးခန့်ကို ရက္ခိုင့်တပ်တော်မှ လက်နက်ခဲယမ်းများနှင့် အတူ‌ခေါ်ယူသွားပြီဖြစ်သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက Western News ကို ပြောသည်။

“မြိုချောင်းက ပဒဲကျွန်းတစ်ဖက်မှာရှိတာ။ ကျောက်ဖြူအရှေ့ဖက်ပေါ့။ ကျောက်ဖြူနဲ့ဆိုရေလမ်းပဲရတယ်။ မနေ့က ည ၇ နာရီလောက်မှာ အဲ့က စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေက လက်နက်ချတယ်။ အခု AA ကနေ သူတို့ကိုခေါ်သွားပြီ” ဟုပြောသည်။

စခန်းစွန့်ခွာသည့် ရဲတပ်စခန်းများမှာမူ ကျောက်ဖြူမှ စနဲမြို့မရဲစခန်း၊ ကွမ်းချောင်းတိုက်နယ် အမှတ်(၈) ရဲစခန်း၊ အမှတ် (၇) ကပိုင်ချောင်းနယ်မြေရဲစခန်းတို့ဖြစ်ပြီး ထိုစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှာ လက်နက်များနှင့်အတူ ယမန်နေ့ ညနေပိုင်းခန့်က စခန်းအားစွန့်ခွာခဲ့ကြပြီ ဖြစ်ကြောင်း အနီးရှိဒေသခံများကဆိုသည်။

ထို့အပြင် ရမ်းဗြဲ လေးတောင်တိုက်နယ်ရှိ သရက်ချိုရဲစခန်းနှင့် ကျောက်ချောင်းတိုက်နယ်ရှိ အောင်လှပြင်ရဲစခန်းတို့မှ ရဲတပ်ဖွဲ့ဝင်တို့မှာလည်း စခန်းအား စွန့်ခွာခဲ့ပြီဖြစ်ကာ တောင်ကုတ်မြို့နယ်တွင်လည်း ရွာမမြို့ ရဲစခန်းနှင့် လမူးတိုက်နယ် ရဲစခန်းတို့မှာလည်း စခန်းအား အသီးသီးစွန့်ခွာခဲ့ကြပြီဖြစ်သည်ဟု သိရသည်။

တောင်ကုတ်ဖက်မှ ရဲစခန်းများ စခန်းစွန့်ခွာမှုအခြေနေနှင့်ပတ်သက်၍ တောင်ကုတ်ဒေသခံတစ်ဦးက ယခုကဲ့သို့ဆိုသည်။

“မနေ့က နေ့လယ်လောက်မှာပဲ သူတို့ စခန်းစွန့်သွားတယ်။ ရွာမရဲစခန်းမှာက တပ်ဖွဲ့ဝင် ၂၀ ဝန်းကျင်ရှိတယ်။ လမူမှာတော့ ၁၅ ယောက်လောက်ရှိမယ်။ သူတို့ ကျောက်ဖြူဘက်တွေကို ထွက်သွားတယ်လို့ထင်ရတယ်” ဟုပြောသည်။

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဌာနဆိုင်ရာအဖွဲ့စည်းမျာမှာ မိမိကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးနေသည်ကို မြင်တွေ့ရပြီး လက်ရှိ ULA ၏ စစ်ရေးပြင်ဆင်ချက်အရဆိုလျှင် စခန်းစွန့်ခွာမှုတို့ နောက်ထပ်လည်း အများအပြားဖြစ်လာဖွယ်ရှိသည်ဟု စစ်တွေမှ ရခိုင်နိုင်ငံရေး လေ့လာသုံး သပ်သူတစ်ဦးက ပြောသည်။

“ရခိုင်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အနေအထားက ဟန်မပျက်လုပ်ပြနေရတဲ့အနေအထား လောက်ပဲ ရှိတော့တယ်။ ပြည်သူ့ဝန်ဆောင်မှုအတိုင်းတာက စစ်ကောင်စီရဲ့ အဖွဲ့စည်းလက်ထဲမှာမရှိနေတော့ဘူး။ နောက် တကျော့ပြန်စစ်ပွဲတွေဖြစ်လာတော့ သူတို့ရဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုက ပျောက်ဆုံးသွားကြပြီ။ လက်ရှိ ULA ရဲ့စစ်ရေးကလည်း အိမ်ကွင်းမှာတောင် ခြေစမ်းပွဲအဆင့်လောက်ပဲရှိသေးတယ်။ အဲ့ဒါတွေကို အကြောင်းပြုပြီး ခုလို လက်နက်ချ စခန်းစွန့်တဲ့ အခြေနေမျိုးတွေဖြစ်နေတာလို့မြင်တယ်။ ရှေ့ဆက်ပြီးတော့ လည်း ဒါမျိုးတွေ ထပ်မြင်ရဦးမယ်လို့လည်းထင်တယ်” ဟုပြောသည်။

ရခိုင်ဒေသအတွင်းမှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်တပ်ဖွဲဝင်များအနေဖြင့် အသက်မသေဘဲ မိသားစု၊ ဆွေမျိုး၊ မောင်နှမများနှင့် ကောင်းမွန်စွာ တွေ့ခွင့်ရလိုပါက မိမိတို့၏ နီးစပ်ရာစခန်းများသို အမြန်ဆုံး ဆက်သွယ်ပြီး လက်နက်ချ အညံ့ခံရန် ညီနောင်မဟာမိတ်အဖွဲ့ က သတိပေးထားသည်။

ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ နှစ်ဖက်အပစ်ရပ်ထားရာမှ ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်နံနက်စောစောပိုင်းမှ စတင်ကာ ရသေ့တောင်မြို့နယ် ဒုံးပိုက်နှင့် ချိန်ခါလီကြားတွင် တိုက်ပွဲစတင်ခဲ့ပြီး ယင်းနောက် မင်းပြား၊ မောင်တောမြို့နယ်ဖက်သို့ ကူးစက်သွားမှုရှိခဲ့ကာ ချိန်ခါလီ နယ်ခြားစောင့် တပ်စခန်းကိုလည်း ရက္ခိုင့်တပ်တော်ဖက်မှ ယနေ့ နိုဝင်ဘာ ၁၄ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီ ဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *