လိမ်ရတာမပင်ပန်းဘူးလား မဲလုံးညီဝါသဝ

ကောလင်းသို့ စစ်ကြောင်းထိုးသွားခဲ့သည့် စစ်သားနှင့် ပျူစောထီးအဖွဲ့မှ ၁၀၀ သေဆုံးမှု ပျူစောထီး ခေါင်းဆောင် ဝါသ၀ က သတင်းအမှားဟု ငြင်းဆို

ရန်ကုန်၊ နိုဝင်ဘာ၁၄

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကြောင်းထိုးရန်လာသည့် အင်အား၂၆၀ ပါ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ကို ပြည်သူ့ကာကွယ်ရေးပူး‌ပေါင်းတပ်ဖွဲ့က ၂ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး သေဆုံးသူအများစုမှာ ဝါသ၀ ဦးဆောင်သော ပြည်သူ့စစ်၊ ပျူစောထီးအဖွဲ့မှ ဖြစ်သော်လည်း ဝါသ၀ကမူ ဝန်ခံခြင်းမရှိဘဲ သတင်းအမှားဟု ငြင်းဆိုသည်။

နိုဝင်ဘာလ ၁၀ရက် နံနက် ၆နာရီခန့်မှ နံနက် ၁၁နာရီခန့်အထိ ကန့်ဘလူမြို့နယ် အလယ်ခုံရွာအနောက်ဘက်၌ ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၈၀ဦး‌ထက်မနည်း သေဆုံး၊ ၂၀ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး လက်နက်မျိုးစုံ ၅၉လက်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က သိမ်းဆည်းရမိခဲ့ကြောင်း ၊ထို့နောက် နိုဝင်ဘာလ၁၀ ရက်နေ့ မွန်းလွဲ ၁နာရီမှ ညနေ ၅နာရီခန့်အထိ ကန့်ဘလူမြို့နယ် ချပ်ကုန်းရွာတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ဦးခန့် ထပ်မံသေဆုံးခဲ့ပြီး ကျည်ဆန်ခဲယမ်းများ ထပ်မံ ‌သိမ်းဆည်းရမိခဲ့ကြောင်း၊ တိုက်ပွဲနေရာတွင် စစ်သားအလောင်းများ ပြန့်ကြဲနေပြီး တစ်လောင်းချင်း မသယ်နိုင်တော့သဖြင့် အစုလိုက်အပြုံလိုက် မီးသင်္ဂြိုလ်နေကြကြောင်း၊ သေဆုံးသူများမှာ ဝါသ၀ ဦးဆောင်သော ပျူစောထီးအဖွဲကမှ ဖြစ်ကြောင်း ကန့်ဘလူခရိုင် အမှတ်(၂)တပ်ရင်းမှ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုခဲ့သည်။

“စကစတွေ၊ ဝါသဝတပည့် ပျူစောထီးတွေ သေတာ အစုလိုက်အပြုံလိုက်ပဲ။ သူတို့ အလောင်းတွေကို မီးရှို့တာ မနေ့တစ်နေ့လုံး မီးခိုးတွေအူနေတာ။ အဲ့တော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောချင်တာက ကိုယ့်အသက်ကိုယ်နှမြောရင် ပြည်သူနဲ့ အမြန်ဆုံး ပူးပေါင်းပါ။ လက်နက်ချ အလင်းဝင်ပါ။ ရှေ့လျှောက် ဒီထက် ဆိုးလာဖို့ပဲရှိတယ်။ တစ်လှိုင်းပြီး တစ်လှိုင်းလာမယ်” ဟု ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော ကောလင်းမြို့ကို ပြန်လည် သိမ်းယူပြမည်ဟု ပျူစောထီးခေါင်းဆောင် ဝါသဝ ကြွေးကြော်ပြီးနောက် နိုဝင်ဘာလ ၁၀ ရက်နေ့ တိုက်ပွဲအတွင်း ဝါသဝဖွဲ့စည်းပေးထားသော အထူးကွန်မန်ဒို ပျူစောထီးများ အများအပြား သေဆုံးခဲ့ကြခြင်းဖြစ်သည်။

သို့ရာတွင် ယနေ့ မဘသနှင့် စစ်တပ်ထောက်ခံသော မီဒီယာဖြစ်သော Myanmar National Post နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ၎င်း၏ အဖွဲ့ဝင်များ သေဆုံးသည်ဆိုသော သတင်းမှာ မှန်ကန်မရှိဘဲ သတင်းအမှားများဖြစ်ကြောင်း၊ ကန့်ဘလူအခြေအနေလည်း အေးအေးဆေးဆေးရှိနေကြောင်း၊ အင်တာနက်နှင့် ဖုန်းလိုင်းများ ပြတ်တောက်နေ၍ လူမှုကွန်ရက်မတက်လာခြင်းဖြစ်ကြောင်း ပြောဆိုသွားသည်။

ဓာတ်ပုံ- ဝါသ၀ ဦးဆောင်သော ပျူစောထီးအဖွဲ့မှ သေဆုံးနေကြသည့် ပြည်သူ့စစ်အဖွဲ့ဝင်များ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *