Non CDMတွေဘာတွေနားမလည်ဘူး ဖမ်းတာပဲ

ပေါင်းတည်မှာ Non CDM ဆရာ၊ ဆရာမ ၂ ဦးအပါ ရွာသား ၃၀ ကျော်ကို စစ်ကောင်စီဖမ်းဆီး

နိုဝင်ဘာ ၂၁

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ တောင်ခမောက်ကျေးရွာက Non CDM ဆရာ၊ ဆရာမ ၂ ဦးအပါအဝင် ရွာသား ၃၀ ကျော်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

တောင်ခမောက် အထကခွဲမှာ စာသင်နေတဲ့ အထက်တန်းပြဆရာ ဦးရဲဇော်ဦးနဲ့ ဆရာမ ဒေါ်မြတ်မာလာတို့ အပါအဝင် တောင်ခမောက်ရွာ ဒေသခံတွေကို နိုဝင်ဘာလ ၂၀ ရက် မနေ့ကမနက် ၄ နာရီလောက်မှာ အင်အား ၂၀ ကျော်ပါတဲ့ စစ်ကောင်စီအဖွဲ့က ဖမ်းဆီးပြီး ရွာထဲမှာပဲ စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

“ဖမ်းထားတဲ့ ၃၀ ကျော်ကို ရွာထဲက အိမ်သုံးလုံးမှာ ခွဲပြီး စစ်နေတယ်။ အဲ့ဒီအထဲက ရွာသား ၅ ဦးကိုတော့ ဖုန်းထဲမှာမသင်္ကာစရာတွေ့တယ်ဆိုပြီး သတင်းပြန်ကြားရတယ်။ ရွာထဲဝင်မရတော့ တဆင့် စကားပြန်ကြားရတာပေါ့” လို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ သက်လတ်ပိုင်းတွေ အဓိကပါဝင်ပြီး ဘယ်သူဘယ်ဝါဆိုတာကိုတော့ အတိအကျ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ အဲ့ဒီစစ်ကောင်စီတပ်တွေက တောင်ခမောက်ရွာထဲမှာပဲ တပ်စွဲနေတာကြောင့် ဒေသခံတွေလည်း ရွာကတိမ်းရှောင်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

တောင်ခမောက်ရွာမှာ အိမ်ခြေ ၂၅၀ ဝန်းကျင်နဲ့ ဒေသခံ ၁ ထောင် နီးပါးရှိပြီး ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်ကလည်း စစ်ကောင်စီတပ်တွေက တောင်ခမောက်ရွာက နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။

တောင်ခမောက်၊ လက်ပံခုံ၊ နတ်ရေတွင်း စတဲ့ကျေးရွာတွေနဲ့ နီးစပ်ရာကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မကြာခဏစစ်ကြောင်းထိုးဝင်ရောက်လေ့ရှိပြီး ဒေသခံပစ္စည်းတွေကိုလည်း လုယူတာတွေလုပ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *