ငပျူတွေက ငွေစက္ကူတောင်ထုတ်နိုင်တဲ့ နိုင်ငံတော်ကြီး

ငပျူတွေက ငွေစက္ကူတောင်ထုတ်နိုင်တဲ့ နိုင်ငံတော်ကြီး

မြိုင်နယ်မှာ ပျူခေါင်းဆောင်က ငွေစက္ကူကို မိတ္တူကူး၊ သူ့နာမည် တံဆိပ်တုံး ထုပြီး သုံးစွဲခိုင်း၁၀၀၀ ၊ ၅၀၀၀ ၊ ၁၀၀၀၀ ကျပ်တန် သုံးမျိုးထိ အတုထုတ်

ဩဂုတ် ၁၉

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပျူစောထီးတွေ ကြီးစိုးသောင်းကျန်းနေတဲ့ ကန်နီကျေးရွာမှာ ငွေစက္ကူကို ‌မိတ္တူကူးပြီး အတုပြုလုပ် သုံးစွဲနေကြတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။မြိုင်နယ်၊ ကန်နီရွာမှာ ၁၀၀၀ ကျပ်တန်၊ ၅၀၀၀ ကျပ်တန်နဲ့ ၁၀၀၀၀ ကျပ်တန် သုံးမျိုးကို မိတ္တူကူးကာ အတုပြုလုပ် သုံးစွဲနေတာ ဖြစ်ပြီး ငွေစက္ကူတွေကို အဲဒီရွာရဲ့ ပျူစောထီးခေါင်းဆောင်က ထုတ်လုပ်ခြင်း ဖြစ်ကာ ငွေစက္ကူ အတုတွေအပေါ် သူ့နာမည်ကို တံဆိပ်တုံး ထုပေးထားတယ်လို့ ဆိုပါတယ်။

ဩဂုတ်လ(၁၇)ရက်က ကန်နီရွာ ပျူစခန်းကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ပြည်သူတစ်ဦးဆီကနေ ၁၀၀၀ ကျပ်တန် ငွေစက္ကူအတု တစ်ရွက်ကို သက်သေအဖြစ် သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “လွန်ခဲ့တဲ့ လေးလလောက်က ပျူခေါင်းဆောင် ကိုကျော်ဆန်းဝင်းက ပျူတွေကို အစည်းအဝေး ခေါ်တယ်တဲ့။

သူ ပိုက်ဆံထုတ်မယ့် အကြောင်းနဲ့ တကယ်လို့ ဆိုင်တွေ ဘာတွေကနေ ဝယ်မယ်ဆိုလည်း ဒီပိုက်ဆံနဲ့ လာဝယ်မယ်ဆိုရင် လက်ခံပေးဖို့ပေါ့။ ဆိုင်ကတော့ သူ့အိမ်ကဆိုင်နဲ့ သူ့အမျိုးတွေ ဖွင့်ထားတဲ့ဆိုင် နှစ်ဆိုင်ပဲ ရှိတာ‌။ ပိုက်ဆံက ထုတ်တာ ၁၀၀၀ တန်ရယ်၊ ၅၀၀၀ တန်ရယ်၊ ၁၀၀၀၀ တန်ရယ် ထုတ်တာတဲ့။ အခု ထွက်လာတဲ့ သူမှာ ၁၀၀၀ တန်တစ် ရွက်ပဲ ပါလာတာ” လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီ မိတ္တူငွေစက္ကူ အတုတွေကို ကျေးရွာထဲရှိ လောင်းကစားဝိုင်းတွေမှာ အများဆုံး‌ အသုံးပြုပြီး ကျေးရွာထဲရှိ ဈေးဆိုင်တွေမှာလည်း ဝယ်ယူ အသုံးပြုကြတယ်လို့ ဆိုပါတယ်။ ကန်နီကျေးရွာဟာ အိမ်ခြေထောင်ချီရှိတဲ့ ရွာကြီးဖြစ်ပြီး ဖြစ်ပြီး ကန်နီရွာ ပျူစခန်းမှာ စစ်အုပ်စုနဲ့ပျူစောထီး အင်အား(၇၀)ခန့် အထိုင်ချတပ်စွဲထားတယ်လို့ ဆိုပါတယ်။ စစ်အုပ်စုဟာ မကွေးတိုင်းထဲက တခြားသော ပျူရွာတွေလိုပဲ ကန်နီရွာက ဒေသခံတွေကိုလည်း ပျူအဖြစ် လက်သပ်မွေးကာ လက်နက်ထုတ်ပေးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ကန်နီရွာ ဒေသခံတွေအနက် စစ်အုပ်စုကို ထောက်ခံသူတွေက ကျေးရွာအတွင်း ဆက်လက် နေထိုင်ကြပြီး လူဦးရေ (၃၀၀)နီးပါးကတော့ ဒေသခံ တော်လှန်ရေးတပ်တွေထဲ ဆက်သွယ်ခိုလှုံလာတယ်လို့ ဒေသခံ တော်လှန်ရေးတပ် တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာ တော်လှန်ရေး တပ်တွေကလည်း ကန်နီရွာ ပျူစခန်းဘက် ရိက္ခာပို့တဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ ဖြတ်တောက် ထားတာကြောင့် စစ်အုပ်စုနဲ့ပျူတွေ ရိက္ခာပြတ်ကာ ငတ်နေတယ်လို့လည်း ဆိုပါတယ်။မြိုင်နယ် ကန်နီရွာမှာ ပျူခေါင်းဆောင်နာမည် တံဆိပ်တုံးထုထားတဲ့ မိတ္တူကူး ငွေစက္ကူ ၁၀၀၀ ကျပ်တန်/Photo – ပေးပို့

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *