၃ရင်းကို၉မိနစ်ဆိုတော့ တစ်ရင်းကို(နေမင်း)မိနစ်ပေါ့(ရုပ်သံ)

ကိုးကန့်ခရိုင်နှင့် မုံးကိုးခရိုင်ရှိ စစ်စခန်းများကို MNDAA က ဆက်တိုက် သိမ်းပိုက်နေပြီး တုန်းရှမ်းဒေသရှိ စစ်စခန်း ၃ ခုကို ၉ မိနစ်ဖြင့် သိမ်းပိုက်နိုင်ခဲ့

ရန်ကုန်၊ နိုဝင်ဘာ ၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ခရိုင်နှင့် မုံးကိုးခရိုင်ရှိ စစ်စခန်းများကို MNDAA က ဆက်တိုက် သိမ်းပိုက်နေပြီး တုန်းရှမ်းဒေသရှိ စစ်စခန်း ၃ ခုကို ၉ မိနစ်ဖြင့် သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA၏ ပြန်ကြားရေး The Kokang က သတင်းထုတ်ပြန်ထားသည်။

ယနေ့ နိုဝင်ဘာ ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသ ၊ ရှောက်ကန် ထန် နေရာရှိ စစ်ကောင်စီ၏ တပ်စခန်း ၃ ခုကို MNDAA ပူးပေါင်း စစ်ကြောင်းများက တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ၉ မိနစ်ခန့်အကြာ သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် နံနက် ၁၀ နာရီခွဲခန့်တွင် ကိုးကန့်မြောက်ပိုင်း ရှင်းဝမ်ဒေသ ၊ ဟုန်ကုတ်ရွာ၊ ကော်တီထန် ပေါက် ပေါက် တောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်ကိုလည်း ကိုးကန့်(MNDAA) က အောင်မြင်စွာ တိုက်ခိုက် သိမ်းယူခဲ့ကြောင်း၊ နံနက် ၁၁ နာရီ ၃ မိနစ်တွင် မုံးကိုးမြို့အပြင်ဘက်ရှိ စစ်ကောင်စီ၏ ရှောက် ကွမ်းလုံ အမှတ် ၃ စခန်းကို ကိုးကန့် (MNDAA) နှင့် ရက္ခိုင့် တပ်တော် (AA) တို့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁ နာရီ အကြာဖြစ်ပွားခဲ့ပြီး မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်တွင် ၎င်းစခန်းကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

လက်တလောပိုင်း တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုသည် စိတ်ဓာတ်များကျဆင်းနေပြီး ကိုးကန့် (MNDAA) ၏ ထိုးစစ်မှုများကို ရင်ဆိုင်နေရသည့် အချိန်တွင် လက်နက်များ စွန့်လွှတ်ကာ ထွက်ပြေးကြကြောင်း၊ လက်ရှိ အချိန်ထိ စစ်ကောင်စီ၏ တပ်စခန်း အကြီး၊ အသေး၊ ယာယီတပ်စခန်း စုစုပေါင်း ၁၀၆ ခုကို အောင်မြင်စွာ သိမ်းယူရရှိခဲ့ထားကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၃ ရက် နံနက် ၃ နာရီခန့်က ကိုးကန့်ခရိုင်၊ ချောက်ပကျိုင့်ရွာရှိ စစ်ကောင်စီ တပ်စခန်းကို MNDAA က ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နံနက် ၈ နာရီခွဲ အချိန်တွင် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နံနက် ၇ နာရီ ၃၃ မိနစ်တွင် ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ ဝမ်နင်ကျွမ်း ၊ ရှိမိန်ခိုင်နှင့် ကျန်ကြားလယ်ကွင်း တပ်စခန်း ၃ ခုကို MNDAA တပ်ဖွဲ့က ထိုးစစ်တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီခန့်တွင် ၎င်းစခန်းများကို အပြီးသိမ်းယူခဲ့ကြောင်း၊ ဝမ်နင်ကျွမ်း စစ်ကောင်စီစခန်းက လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိသည့်အပြင် ကျန်ကြားလယ်ကွင်းစခန်းထဲမှ မူးယစ် စိတ်ကြွ ဆေးပြားများကိုလည်း တွေ့ ရှိသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၃ ရက် မွန်းလွဲ ၂ နာရီ ၄၈ မိနစ်က ကိုးကန့်ခရိုင်၊ တာရွှေထန်ရွာအုပ်စု၊ ရှောက်ပိုက်အိုင်တွင် အခြေချ နေထိုင်သော စစ်ကောင်စီတပ်ဖွဲ့မှ တာရွှေထန်ဘက်ကို စစ်ကူပို့ရန်ချီတက်လာစဉ် ကိုးကန့် (MNDAA)က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကူအဖွဲ့က နောက်ပြန်ဆုတ်ခွာသွားကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီး ကျည်ဆံတစ်လုံးမှာ နန်ကော်ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်းနေ့ ညနေ ၃ နာရီ မိနစ် ၄၀ အချိန်တွင် မုံးကိုးတံတားရှိ စစ်ကောင်စီစခန်းကို MNDAA တပ်ဖွဲ့က ထိုးစစ်တိုက်ခိုက်ခဲ့ရာ ညနေ ၆ နာရီခွဲခန့်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ညနေ ၄ နာရီ မိနစ် ၅၀ ခန့်ကလည်း မုံးကိုးမြို့အပြင်ဘက် ရှောက်ကွမ်းလုံနေရာရှိ စစ်ကောင်စီ စခန်း တစ်ခု ကို ကိုးကန့်(MNDAA)နှင့် ရက္ခိုင့်တပ်တော်(AA)တို့မှ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းယူခဲ့ကြောင်း၊ အလား တူ ညနေ့ ၄ နာရီ မိနစ် ၄၀ အချိန်တွင် မုံးကိုးခရိုင်၊ ဟဲ့ကျင်ကော် တောင်ကုန်းရှိတပ်စခန်းကို ကိုးကန့် (MNDAA)နှင့် ဒေသလုံခြုံရေးအဖွဲ့တို့မှ ထိုးစစ်တိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီ ၄၇ မိနစ်တွင် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂ ရက်နေ ည ၁၂ နာရီ ၂၂ မိနစ်တွင် မူပန်(သိန္နီ)ခရိုင် ရှိ စစ်ကောင်စီ၏ မေဟန်စစ်ဆေးရေး ဂိတ်ကို ကိုးကန့်(MNDAA)မှ အင်အားတစ်စုက ဒရုန်းဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ နိုဝင်ဘာလ ၃ ရက်နေ မွန်းလွဲ ၁ နာရီ ၂၄ မိနစ်က လည်း ဟိုပန်ကျေးရွာ၊ မာချီနှော နှင့် ကွမ်ကျက်ဒေသကြားရှိ စစ်ကောင်စီစခန်းကို မူပန်(သိန္နီ)လုံခြုံရေး အဖွဲ့မှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *