ရှမ်းမြောက်ကို ပို့ခံရမှာကြောက်လို့ ဘဘသားတွေထွက်ပြေးနေကြပီ

ပန်းတောင်း ခလရ ၉၂ တပ်က ရှမ်းမြောက်ကို ပို့ခံရမယ့် အရာရှိ၊စစ်သည်တချို့ ထွက်ပြေးနေ

နိုဝင်ဘာလ ၅ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပန်းတောင်းမြို့နယ်၊ တောင်ဘွေရွာအခြေစိုက် ခလရ ၉၂ တပ်ရင်းကနေ အရာရှိအဆင့်အပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ နိုဝင်ဘာ ၂ ရက် ညနေပိုင်းက တပ်ကိုစွန့်ခွာထွက်ပြေးသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသကို စစ်ကူအင်အားဖြည့်တင်းပို့ဆောင်ဖို့ ၎င်း ခလရ ၉၂ တပ်မှာ စုဖွဲ့ထားစဉ် ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

“ ရှမ်းမြောက်ဘက်ကိုပို့ဖို့ အဲ့တပ်မှာ လူစုထားတုန်းပြေးတာလို့ သိရတယ်။ ပြေးတာက ဗိုလ်မှူး ၃ ယောက် တပ်သား ၂ ယောက်လို့သိရတယ်။ အဲ့ထက်များမယ်ထင်တယ်။ ရှမ်းမြောက်ကိုပို့မှာမို့ ထွက်ပြေးတာလို့ ကြားတယ်”လို့ တပ်နဲ့နီးစပ်တဲ့ ပန်းတောင်းဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားလို့ အဲ့ဒီနေ့ညပိုင်းက စတင်ကာ ခလရ ၉၂ တပ်ရဲ့ အနီးတဝိုက်မှာရှိတဲ့ ကျေးရွာတွေကို ပိတ်ဆို့ရှာဖွေနေကာ တချို့ရွာတွေမှာ စစ်သား ၅ ဦးစီ ကင်းချထားကာ ရှာဖွေနေတယ်လို့ ဆိုပါတယ်။

“ဆက်စပ်တဲ့ရွာတွေကို ပိတ်ဆို့ရှာနေတာ။ မြေဝါကုန်းကိုလည်း ဝင်ရှာတယ်။ ခုထိတော့ မိတယ် မကြားသေးဘူး” လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ အောက်တိုဘာ ၂၇ ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း စခန်းပေါင်းရာနဲ့ချီ သိမ်းပိုက်ရရှိခဲ့ကာ စစ်ကောင်စီဘက်ထိခိုက်သေဆုံးများနေသလို တပ်ရင်းလိုက် လက်နက်ချအညံ့ခံမှုတွေကြောင့် ရှမ်းမြောက်ဒေသကို စစ်ကူအင်အားပို့ဆောင်ဖြည့်တင်းမှုတွေ လုပ်ဆောင်နေတယ်လို့ တပ်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

အဆိုပါ ခလရ ၉၂ တပ်ရင်းမှူးမှာ ဒုဗိုလ်မှူးကြီး ထင်လင်းကျော် ဆိုသူဖြစ်ပြီး ခလရ ၉၂ ဟာ ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) လက်အောက်ခံတပ်ရင်းတခုဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *