နမ့်ခမ်းမြို့ ရဲစခန်း အပါအဝင် စစ်တပ်၏ တပ်စခန်း ၄ ခုကို TNLA က ယနေ့ ထပ်မံ တိုက်ခိုက် သိမ်းပိုက်
ရန်ကုန်၊ နိုဝင်ဘာ ၅
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့ ရဲစခန်း အပါအဝင် အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၄ ခုကို TNLA က ယနေ့ ထပ်မံ တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း PSLF/TNLA က ထုတ်ပြန်ထားသည်။
ယနေ့တွင် နမ့်ခမ်းမြို့ရှိ ရဲစခန်း၊ စစ်တပ်စခန်းများကို သိမ်းပိုက်နိုင်ခြင်းဖြစ်ပြီး နမ့်ခမ်းမြို့ရဲစခန်းကို ယနေ့ နံနက် ၆ နာရီတွင်လည်းကောင်း၊ အလားတူ ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာ အုပ်စုရှိ အကြမ်းဖက် စစ်တပ်၏ မန်ဝန်းတပ်စခန်းကို PSLF/TNLA က တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ နမ့်ခမ်းမြို့နယ်၊ မန်ပူးကြီးကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်းကို ယနေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် PSLF/TNLA က ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် လားရှိုးနှင့် သိန္နီ အကြား ၁၄ မိုင် နှင့် ၁၅မိုင် အကြားရှိ နမ့်တွန်ကျေးရွာတွင် စစ်ကား ၄ စီးဖြင့် စစ်ကူရောက်လာသော စစ်သားများကို နံနက် ၅ နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ ဖြတ်တိုက်ခဲ့ပြီး လက်နက် ၂ လက်၊ စစ်အသုံးဆောင်ပစ္စည်းများနှင့် စစ်ကား ၄ စီးကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်၊ ပန်သပြေကျေးရွာရှိ စစ်တပ် တပ်စခန်းကို ယနေ့ နံနက် ၆ နာရီခန့်တွင် တအာင်းတပ်မတော် PSLF/TNLA က ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အလားတူ မန်တုံမြို့နယ်၊ ခိုမုန်းကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ ခိုမုန်းတပ်စခန်းကို ယနေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် တအာင်းတပ်မတော် PSLF/TNLA က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
နောင်ချိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် ရှေ့ပြေးအသုံးပြုကာ ရွှေညောင်ပင်နှင့် အုမ္မတီး/အုမ္မခါးကျေးရွာကို စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးတက်လာသောကြောင့် ယနေ့ ညနေ ၅ နာရီ ၂၀ မိနစ်တွင် တအာင်းတပ်မတော် PSLF/TNLA ၊ MYD PDF ပူးပေါင်းတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ပြီးတိုက်ပွဲအတွင်း စစ်သား အလောင်းများနှင့် စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် ယနေ့ နံနက်အစောပိုင်းမှ ညနေမိုးချုပ် အထိ အကြမ်းဖက် စစ်တပ်က ၁၀၂ ၊ ၁၀၅ ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် ၅၀ ကြိမ် တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် ကျေးရွာအနီးကို ရမ်းသမ်းပစ်ခတ်တိုက်ခိုက်သောကြောင့် ညနေ ၆ နာရီခန့်တွင် ဆမ်မဆယ်ကျေးရွာရှိ နေအိမ်များ ထိမှန် ဖျက်ဆီးမီးလောင်ခဲ့ကြောင်း၊ လားရှိုးမြို့နယ်၊ မိုင်းကျက်တပ်စခန်းကိုလည်း ယနေ့ ညနေ ၄ နာရီ ၁၁ မိနစ်တွင် စစ်တပ်က Mi 35 တိုက်ခိုက်ရေး ရဟတ်ယဥ်ဖြင့် ၂ ကြိမ် လာရောက် ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် လားရှိုးမြို့နယ်၊ ရေပူဂိတ်ကိုယနေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က Mi 35 တိုက်ခိုက်ရေး ရဟတ်ယဥ်ဖြင့် ၂ ကြိမ် လာရောက်ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရသည်။