စစ်ကောင်စီဗျူဟာမှူးလိုက်ပါလာသောရေယာဉ်ကို KIA နှင့်PDFပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်၊ ရေယာဉ်မီးလောင်ထွက်ပြေး
ထီးချိုင့်မြို့မှနေ၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီတပ်ရေယာဉ်ကို ကသာမြို့နယ်တွင် KIAနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နှစ်ရက်ဆက်တိုက်ခိုက်ရာ
ရေယာဉ် မီးလောင်ပျက်စီးပြီး ငါးဦးထက်မနည်း သေဆုံးကြောင်း ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်
အထက်ပါPDFက ” ဗျူဟာမှူးအပြောင်းအရွေ့လုပ်ဖို့ လာတဲ့ သံခွန်နှစ်စီးကို တိုက်တာ ပထမနေ့( နိုဝင်ဘာလ ၃ရက်) က တစ်စီးထိပြီး နောက်ကြောင်းပြန်သွားတယ်။ နောက်ရက်ထက်တက်လာတာကို ချတာ။ အင်ဂျင်ခန်းမီးလောင်ပြီးထွက်ပြေးသွားတယ်”ဟု ပြောသည်
KIA နှင့်မိုးတားတိုက်နယ် ပကဖကတို့က နိုဝင်ဘာလ ၃ရက်နှင့် ၄ရက်တွင် နှစ်ရက်ဆက် စစ်တပ်ရေယာဥ်ကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီဘက်တွင် ၁၃ ဦးထက်မနည်းဒဏ်ရာရခဲ့ပြီး ယင်းတို့ထဲမှ ငါးသေဆုံးကြောင်း သတင်းရရှိသည်ဟု ဒေသကာကွယ်ရေးရဲဘော်များကပြောသည်။
တိုက်ခိုက်ခံရသော ရေယာဉ်နှစ်စီးထဲမှ တစ်စီးသည် ကချင် ပြည်နယ် ရွှေကူမြို့သို့ ရောက်ရှိသွားကြောင်းသတင်းရရှိသည်။
(စစ်ကောင်စီတပ်ရေယာဥ်ကိုတော်လှန်ရေးအဖွဲ့ တိုက်ခိုက်စဥ်။ ရုပ်သံ-ကသာ ပကဖ )