ဒီပဲယင်းမှာလည်း နတ်နတ်သီးကျွေးခံရ

ဒီပဲယင်းမြို့ရှိ ရဲစခန်းကင်းဂိတ်နှင့် ဝန်ထမ်းအိမ်ရာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၇

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မြို့မရဲစခန်း ကင်းဂိတ်နှင့် ဝန်ထမ်းအိမ်ရာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ် ရင်း ၂၀ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၆ ရက် ညနေ ၅ နာရီခန့်က ဒီပဲယင်းမြို့မရဲစခန်း နောက်ဘက်ရှိ ကင်းဂိတ်ကို ဗုံးသီး ၁ လုံး၊ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ စုဝေးနေထိုင်သည့် ဝန်ထမ်းအိမ်ယာကို ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးမှု ရှိ၊ မရှိ အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ဝန်ထမ်းအိမ်ရာမှာ စုရုံး စုရုံး နဲ့ဆော့နေတဲ့ အချိန် ဗုံးသီးချတာ၊ ၁၀ ဦးလောက်တော့ ထိခိုက်ဒဏ်ရာ ရ တယ်၊ သေဆုံးမှုကတော့ ထပ်ပြီးတော့ စုံစမ်းနေတုန်းပဲရှိသေးတယ်၊ ဝန်ထမ်းအိမ်ရာမှာ ၁ လုံးနဲ့ ရဲစခန်း နောက်ဘက်က ကင်းမှာ တစ်လုံးချခဲ့တာပါ၊ ဝန်ထမ်းအိမ်ယာမှာက လူစုဝေးနေတုန်း တည့်တည့် ကျ သွားတာ၊ ရဲစခန်းနောက်မှာ ကင်းပုန်းတွေ ထွက်ထားတာ ဂိတ်တွေရှိတယ်၊ မြို့ပတ်ပတ်လည်မှာ ကင်း ပုန်းတွေ လျှိုဝှက်ထုတ်ထားတာတွေရှိတယ်၊ ဒါရောဆိုရင် ၁၁ ကြိမ်ရှိပြီ” ဟု ယင်းမာပင်ခရိုင် တပ် ရင်း ၂၀ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ – ပကဖများပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *