ကိုးကန့်ဒေသ မုံးကိုးမြို့နယ်သိမ်းပိုက်ခဲ့ပြီးပြန်လည် ထူထောင် လည်ပတ်နိုင်ခဲ့(ရုပ်သံ)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ မုံးကိုးမြို့နယ်ကို မြောက်ပိုင်းညီနောင် မဟာမိတ် သုံးဖွဲ့က မနေ့က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် အုပ်ချုပ်ရေး ယန္တရား ပြန်လည် ထူထောင် လည်ပတ်နိုင်ခဲ့တယ်လို့ ကိုးကန့် – MNDAA ရဲ့ ပြန်ကြားရေး ကိုးကန့်သတင်းမီဒီယာ The Kokang က ထုတ်ပြန်ပါတယ်။ အော်ပရေးရှင်း ၁၀၂၇ စစ်ဆင်ရေး (၁၂)ရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့ နိုဝင်ဘာ(၈)ရက်မှာ ညီနောင်မဟာမိတ် သုံးဖွဲ့က ကိုးကန့် ၊ မုံးကိုး ၊ ကွတ်ခိုင် စတဲ့ နေရာတွေမှာရှိတဲ့ စစ်အုပ်စု တပ်စခန်းတွေကို ဆက်လက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး မုံးကိုးမြို့နယ်ရဲ့ အုပ်ချုပ်ရေးကိုလည်း ပြန်လည် ထူထောင်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ မြောက်ပိုင်း ညီနောင် မဟာမိတ်တပ်တွေအနေနဲ့ ယခုရက်ပိုင်းအတွင်း မုံးကိုးမြို့ကို ထိန်းချုပ်သိမ်းပိုက်ရေး ထိုးစစ်ဆင်လျက် ရှိရာမှာ စစ်အုပ်စုရဲ့ အရေးပါတဲ့ စခန်းတစ်ခုဖြစ်တဲ့ မုံးကိုး ဗျူဟာကုန်းကို နိုဝင်ဘာ(၇)ရက်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သလို သံချပ်ကာ ယာဉ်တစ်စီးလည်း သိမ်းဆည်းရမိခဲ့တာပါ။ ခုနှစ်နှစ်တာ ကာလအတွင်း စစ်အုပ်စု ထိန်းချုပ်ထားတဲ့ မြန်မာ- တရုတ်နယ်စပ် ဖြစ်တဲ့ မုံးကိုးနယ်စပ်ဂိတ်ကို ပြန်လည် သိမ်းယူနိုင်ခဲ့တဲ့အတွက် မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့ဝင်ဖြစ်တဲ့ ကိုးကန့် – MNDAA က မနေ့က ကိုးကန့်အလံကို လွှင့်ထူနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ “ကိုးကန့်(MNDAA)နှင့် ဒေသလုံခြုံရေး အဖွဲ့တို့သည် မုံးကိုးမြို့၏ အုပ်ချုပ်ရေးများကို ပြန်လည် ထူထောင်နိုင်ခဲ့သည်။ ထို့ပြင် ဒေသခံ ပြည်သူ့စစ်အားလုံးလည်း ကြောက်ရွံ့ ထွက်ပြေးကုန်ကြပြီး မုံးကိုးခရိုင် တစ်ခုလုံးကိုလည်း ပြန်လည် ရရှိခဲ့ပါသည်” လို့ ကိုးကန့်- MNDAA က ပြောပါတယ်။ မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့် – MNDAA၊ တအာင်း – TNLA နဲ့ ရက္ခိုင်- AA တို့ဟာ အာဏာသိမ်း စစ်အုပ်စုကို ထိုးစစ်ဆင် တိုက်ခိုက်တဲ့ အော်ပရေးရှင်း ၁၀၂၇ စစ်ဆင်ရေးကို နိုဝင်ဘာ(၂၇)ရက်က စတင် ဖော်ဆောင်နေပြီး စစ်ဆင်ရေးကာလ (၁၂)ရက်အတွင်း စစ်အုပ်စုရဲ့ တပ်စခန်း အကြီး၊အသေး စုစုပေါင်း (၁၅၀)ကျော် သိမ်းယူနိုင်ခဲ့သလို သံချပ်ကာနဲ့ တင့်ကား ခုနှစ်စီး အပါအဝင် လက်နက် ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။ ဒါ့အပြင် တရုတ် – မြန်မာ နယ်စပ်က မြို့တွေဖြစ်တဲ့ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ သိန္နီ၊ မုံးကိုးနဲ့ နမ့်ခမ်း မြို့တွေကိုလည်း သိမ်းပိုက် နိုင်ခဲ့ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *