ဘုရားကဒဏ်ခတ်တာ ပုန်းစရာမြေမရှိတော့ဘူးလား

နမ့်ခမ်းမြို့လယ်ဘုရားဝင်းအတွင်းတွင် ပုန်းခို စခန်းချနေသော စစ်တပ်နှင့် ပြည်သူ့ စစ်များကို အပြီးသတ်ရှင်းလင်းစဉ် လက်နက်များနှင့်အတူ စစ်သုံ့ပန်း ၁၄ ဦးထက်မနည်း ဖမ်းဆီးရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့လယ်ဘုရားဝင်းအတွင်းတွင် ပုန်းခို စခန်းချနေသော စစ်တပ်နှင့် ပြည်သူ့ စစ်များကို TNLA က အပြီးသတ်ရှင်းလင်းစဉ် လက်နက်များနှင့်အတူ စစ်သုံ့ပန်း ၁၄ ဦးထက်မနည်း ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့ ညပိုင်းမှစတင်၍ နမ့်ခမ်းမြို့တွင်၊ နမ့်ခမ်းမြို့လယ်ဘုရားဝင်းအတွင်း ပုန်းခိုစခန်းချနေသော စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့ကို တအာင်းတပ်မတော် PSLF/TNLA က စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်တွင် အပြီးသတ်ရှင်းလင်းလိုက်ကြောင်း၊ ထို့မြို့လယ်ဘုရားအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ထံမှ လက်နက်မျိုးစုံ ၂၈ ၊ ပစ္စတို ၁ လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရခဲ့မိကြောင်း၊ ထို့ပြင် စစ်သုံ့ပန်းများကိုလည်း ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

နမ့်ခမ်းမြို့ ပြည်သူများနှင့် အချိတ်အဆက်ရှိနေသော ဒေသသတင်းရင်းမြစ်က နမ့်ခမ်းမြို့နေရာအများစုတွင် စစ်တပ်နှင့်ရဲများ မရှိတော့ဘဲ တော်လှန်ရေးတပ်ဖွဲ့များသာရှိတော့ကြောင်း၊ နိုဝင်ဘာလဆန်းပိုင်း တော်လှန်ရေးတပ်များ ဝင်ရောက်လာချိန် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဝန်ထမ်းများ ရုံးများမှ ထွက်ပြေးသွားကြကြောင်း၊ လက်ရှိ နမ့်ခမ်းမြို့သည် တော်လှန်ရေးတပ်ဖွဲ့များ၏ အပြည့်အ၀ ထိန်းချုပ်မှု အောက်ရောက်ရှိပြီဟု ဆိုနိုင်ကြောင်း ၊ စစ်တပ် တပ်စခန်းတစ်ခု ကျန်ရှိနေသေးပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း ပြောဆိုသည်။

“ စစ်သားနဲ့ရဲတွေ နမ့်ခမ်းမြို့မှာ မမြင်ရတော့ဘူး။ မြို့သူမြို့သားတချို့ စစ်ဘေးရှောင်ရပေမယ့် မြို့ထဲမှာပဲ ဆက်နေသူလည်းရှိတယ်။ မြို့ထဲမှာတော့ တော်လှန်ရေးအဖွဲ့တွေ လုံခြုံရေးယူတာ မြင်ရတယ်။ မြို့သိမ်းတော့မယ့် အခြေအနေလို့ ပြောလို့ရတယ်။ စစ်တပ်စခန်းတစ်ခုတော့ရှိနေသေးတယ်။ တိုက်ပွဲလည်းဆက်ဖြစ်နေတယ်” ဟု နမ့်ခမ်းမြို့ ပြည်သူများနှင့်အချိတ်အဆက်ရှိနေသော ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိတွင် TNLA တပ်များက စစ်ကောင်စီတပ်၏ တစ်ခုတည်း ကျန်ရှိနေသော နမ့်ခမ်းမြို့မှ စခန်းသစ်ကုန်းကို တိုက်ခိုက်လျက်ရှိပြီး အဆိုပါ စခန်းသစ်ကုန်းကို ရရှိပါက နမ့်ခမ်းတစ်မြို့လုံးကို သိမ်းပိုက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *