နောင်ချိုမှာ တိုက်ပွဲ ပြင်းထန်နေပြီး စခတွေပြည်သူအိမ်ကိုဖောက်ထွင်းခိုးယူ(ရုပ်သံ)

နောင်ချိုမှာ တိုက်ပွဲ ပြင်းထန်နေပြီး ပြည်သူတွေ ထွက်ပြေးနေ၊

စစ်အုပ်စုက ကျေးရွာတွေကို စီးနင်းပြီး ဖောက်ထွင်းခိုးယူနေ၊

တေဇ/MFP ၊ နိုဝင်ဘာ – ၉

ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်၊ အုမ္မခါးလမ်းခွဲနဲ့ ဂုတ်ထိပ် အပါအဝင် မေမြို့ – နောင်ချို လမ်းတလျှောက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အုမ္မသီး၊ အုမ္မခါး၊ ရွှေညောင်ပင်၊ ဆမ္မဆယ် စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေ ထွက်ပြေးနေရတာ (၁၀)ရက်ကြာ ရှိလာပြီလို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

“ကျနော်တို့ ရွာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ရွာတွေမှာ သက်ကြီးရွယ်အိုနဲ့ စောင့်ရှောက်မယ့်သူက လွဲပြီး အားလုံး ထွက်ပြေးနေရပါတယ်။ အုမ္မသီး လမ်းခွဲမှာ စကစ ဖက်က နေရာအပြည့် ယူထားပါတယ်။ အဲ့နေရာက စားသောက်ဆိုင်တွေ အများဆုံးနဲ့ အချက်အချာ အကျဆုံးနေရာပါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နိုဝင်ဘာ(၁)ရက်မှာ စစ်အုပ်စုက နောင်ချိုနယ် ဆမ္မဆယ်နဲ့ ရွှေညောင်ပင်ရွာတွေကို တိုက်လေယာဉ်နဲ့ ဗုံးကျဲခဲ့ရာ နေအိမ်တချို့ ထိခိုက်ပျက်စီးပြီးနောက် အုမ္မသီး၊ အုမ္မခါး၊ ဆမ္မဆယ်နဲ့ ရွှေညောင်ပင် အပါအဝင် အနီးအနား ကျေးရွာတွေက ဒေသခံတွေ ရွာမှာ ဆက်မနေရဲတော့ဘဲ ထွက်ပြေးရတာလို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုက ကျေးရွာတွေကို စီးနင်းကာ နေအိမ်တွေကို ဖောက်ထွင်းပြီး ခိုးယူ လုယက်နေတယ်လို့ ဆိုပါတယ်။

“စကစ ဘက်က စစ်ဖြစ်တာကို အခွင့်ကောင်း ယူပြီး စစ်ဘေးရှောင်လို့ လူနေအိမ်တွေမှာ လူမရှိတဲ့ အိမ်တွေဆိုရင် သော့တွေ ရိုက်ဖွင့်ပြီး အိမ်ထဲက ရှိသမျှ ပစ္စည်းတွေကို ဒီတိုင်း သယ်တာ အားမရလို့ ယူနီဖောင်းနဲ့ စခတွေက သုံးဘီးဆိုင်ကယ်နဲ့ အားပါးတရကို သယ်နေကြပါတယ်။ ကျွန်တော်တို့ ချွေးနဲ့ရင်းပြီး ရှာထားသမျှတွေ အကုန်လုံးပါပဲ” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသကို စစ်ကူပေးနိုင်ဖို့ နိုဝင်ဘာ(၁)ရက်က စတင်ပြီး သံချပ်ကာ အပါအဝင် စစ်ယာဉ်တန်းတွေ မေမြို့ကနေ နောင်ချိုဘက် တက်လာတာ ဖြစ်ပါတယ်။ အဲ့ဒီ စစ်ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေပြီး စစ်အုပ်စု ယာဉ်တန်းဟာ ရှေ့မတိုးနိုင်ဘဲ အုမ္မခါး လမ်းခွဲအနီးက ကျေးရွာတွေမှာ အထိုင်ချနေတာ ဖြစ်ပါတယ်။

နိုဝင်ဘာ(၁)ရက်က ရှမ်းပြည်နယ် မြောက်ပိုင်းကို စစ်ကူပေးနိုင်ဖို့ မေမြို့က တက်လာတဲ့ သံချပ်ကာ နှစ်စီး အပါအဝင် စစ်ကား (၃၀)စီးနဲ့ စစ်အုပ်စု အင်အား(၁၅၀)ဝန်းကျင်ပါ စစ်ယာဉ်တန်းကို အုမ္မခါးလမ်းခွဲမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) – MDY-PDF နဲ့ တအာင်းတပ်မတော် – TNLA တို့က ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ သံချပ်ကာ တစ်စီး ထိခိုက်ပျက်စီးပြီး သေနတ်ခြောက်လက်နဲ့ အလောင်းတွေ ရရှိသလို စစ်အုပ်စု တချို့ကိုလည်း ဖမ်းမိတယ်လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မနေ့က ညပိုင်းမှာလည်း သံချပ်ကာ သုံးစီးနဲ့ ထပ်မံ ရောက်ရှိလာတဲ့ စစ်အုပ်စုကို အုမ္မခါးကျေးရွာအနီး တိုက်ခိုက်ခဲ့ရာ သံချပ်ကာတစ်စီး ပျက်စီးပြီး စစ်အုပ်စုတွေ ပြန်လှည့်သွားတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

နောင်ချိုနယ် တိုက်ပွဲတွေမှာလည်း စစ်အုပ်စုက လေကြောင်းပစ်ကူနဲ့ လက်နက်ကြီး ပစ်ကူတွေ အလွန်အကျွံ အသုံးပြုနေတယ်လို့ ဆိုပါတယ်။

လက်ရှိ စစ်ရေးအခြေအနေအရ တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့ စစ်ရေးတင်းမာနေတဲ့ ဒေသတွေကို ပြည်သူတွေ အသွားအလာ ဂရုပြု ဆင်ခြင်ကြဖို့ TNLA က ထုတ်ပြန် သတိပေး ထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *