ကွမ်းလုံမြို့ကို ညီနောင်မဟာမိတ်တွေ အောင်မြင်စွာ သိမ်းပိုက်(ရုပ်သံ)

ကွမ်းလုံမြို့ကို ညီနောင်မဟာမိတ်တွေ အောင်မြင်စွာ သိမ်းပိုက်လိုက်ပြီလို့ NUG ထုတ်ပြန်၊

၁၀၂၇ စစ်ဆင်ရေး ဆက်လက် အောင်ပွဲရနေပြီး စစ်အုပ်စုကလည်း တန်ပြန်ထိုးစစ်အတွက် အင်းအားဖြည့်နေဟု MNDAA ပြော၊

မှူးအိန်ဂျယ်လ်/MFP ၊ နိုဝင်ဘာ – ၉

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုး – ချင်းရွှေဟော် ပြည်ထောင်စု လမ်းပေါ်မှာ တည်ရိပြီး စစ်ရေးဗျူဟာ အချက်အချာကျတဲ့ ကွမ်းလုံမြို့ကို ညီနောင် မဟာမိတ် သုံးဖွဲ့က ဒီနေ့ အောင်မြင်စွာ သိမ်းပိုက်လိုက်ပြီလို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ် ရေးဝန်းကြီးဌာန (MoD)က အတည်ပြု ထုတ်ပြန်ပါတယ်။

“နိုဝင်ဘာ(၉)ရက်၊ နေ့လည်ပိုင်းတွင် ကွမ်းလုံမြို့အား အပြီးသတ် အောင်မြင်စွာ သိမ်းပိုက်ပြီး ဖြစ်ကြောင်း MNDAA ထံမှ အတည်ပြု သတင်း ရရှိသည်” လို့ NUG က ဖော်ပြပါတယ်။

သံလွင်မြစ်ကမ်းမှာ တည်ရှိတဲ့ ကွမ်းလုံမြို့နဲ့ ကွမ်းလုံတံတားဟာ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင်း စစ်ရေးအရ ဗျူဟာကျတဲ့ မြို့ဖြစ်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ – ဗကပ မပြိုကွဲခင်က ဗကပ နဲ့ စစ်အုပ်စုတွေ ၁၉၇၁ နိုဝင်ဘာကနေ ၁၉၇၂ ဇန်နဝါရီအထိ (၄၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီး နောက်တရက်ဖြစ်တဲ့ အောက်တိုဘာ (၂၈)ရက်ကလည်း ရှမ်းပြည်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ် တောင်ပိုင်း၊ ကံမိုင်းဒေသမှာ အခြေချတပ်စွဲထားတဲ့ စစ်အုပ်စုရဲ့ ခြေလျင်တက်ရင်း – ခလရ ၁၄၃ က ဒုတပ်ရင်းမှူး တစ်ဦးနဲ့ တပ်ခွဲမှူး နှစ်ဦး အပါအဝင် စစ်အုပ်စု လက်နက်ကိုင် (၄၁)ဦးဟာ တပ်စခန်းကို အပ်နှံပြီး တပ်ရင်း တစ်ရင်းလုံး MNDAAထံ လက်နက်ချ အလင်းဝင်ခဲ့ပါသေးတယ်။

မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့် – MNDAA၊ တအာင်း – TNLA နဲ့ ရက္ခိုင်- AA တို့ဟာ အာဏာသိမ်း စစ်အုပ်စုကို ထိုးစစ်ဆင် တိုက်ခိုက်တဲ့ အော်ပရေးရှင်း ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ(၂၇)ရက်က စတင်ကာ ဖော်ဆောင်နေတာ ဖြစ်ပြီး စစ်ဆင်ရေးကာလ (၁၄)ရက်အတွင်း စစ်အုပ်စုရဲ့ တပ်စခန်း အကြီး၊အသေး စုစုပေါင်း (၁၆၀)ခန့်ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့သလို အဲဒီထဲက ကွမ်းလုံတံတား နဲ့ တာပါးတံတား (သံလွင်တံတား) စတဲ့ တံတားတွေနဲ့ အသေးစား လှေဆိပ်ကမ်းလည်း ပါဝင်တယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် တရုတ် – မြန်မာ နယ်စပ်က မြို့တွေဖြစ်တဲ့ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ သိန္နီ၊ မုံးကိုးနဲ့ နမ့်ခမ်းမြို့တွေကိုလည်း ညီနောင်မဟာမိတ်တပ်တွေက သိမ်းပိုက်ထားပါတယ်။

စစ်အုပ်စုကတော့ ၁၀၂၇ စစ်ဆင်ရေးကို တန်ပြန်ခြေမှုန်းမယ်လို့ ကြုံးဝါးနေပြီး လက်ရှိမှာ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသကို အင်အားဖြည့်တင်းတာတွေ လုပ်နေတယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့ဝင် ကိုးကန့် – MNDAA ပြန်ကြားရေးတာဝန်ခံ လီကျားဝေက MFP ကို ပြောပါတယ်။

ညီနောင်မဟာမိတ် သုံးဖွဲ့ကလည်း ၁၀၂၇ စစ်ဆင်ရေးကို အရှိန်မြှင့်မှာ ဖြစ်သလို နိုင်ငံတဝန်းက စည်းလုံးလို့ရသမျှ အဖွဲ့အစည်းတွေ အားလုံးနဲ့ စည်းလုံးစုစည်းကာ စစ်အုပ်စုကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်တဲ့ ဟန်ချက်ညီ စစ်ဆင်ရေးတွေ နိုင်ငံအနှံ့မှာ ဖော်ဆောင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *