ခမ်းပတ်မြို့ မဆုတ်တမ်းခံစစ်က စခတွေ အိန္ဒိယဘက် ထွက်ပြေးသွား

ခမ်းပတ်မြို့ကို သိမ်းပိုက်ပြီးနောက် ပြည်သူ့အုပ်ချုပ်ရေး စတင်ဖို့ လုပ်ဆောင်နေ၊

မဆုတ်တမ်းခံစစ်က စစ်အုပ်စုတွေ အိန္ဒိယဘက် ထွက်ပြေးသွား၊

MN/MFP ၊ နိုဝင်ဘာ – ၁၀

စစ်ကိုင်းတိုင်း၊ တမူးနယ် ခမ်းပတ်မြို့ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက နိုဝင်ဘာ(၇)ရက်မှာ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ပြည်သူ့အုပ်ချုပ်ရေး စနစ် စတင်ဖို့ လုပ်ဆောင်နေပြီး လတ်တလောမှာ နယ်မြေ ရှင်းလင်းရေး လုပ်နေတယ်လို့ ဒေသခံ တော်လှန်ရေး သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

လက်ရှိ ခမ်းပတ်နယ်ထဲမှာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MoD)ရဲ့ အမှတ် (၁) စစ်ဒေသ လက်အောက်ရှိ တမူးခရိုင် PDF တပ်ရင်း(၂) အပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်တွေက နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲ တချို့လည်း ဆက်လက် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

“စစ်ရေး အခြေအနေကတော့ နယ်မြေရှင်းလင်းရေး ဆက်လုပ်နေတာပေါ့။ ကျွန်တော်တို့ သိမ်းပိုက်ထားတဲ့ ခမ်းပတ်မြို့ကို အုပ်ချုပ်ရေးကဏ္ဍ အမြန်ဆုံး လည်ပတ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ရပ်ကျေးအဆင့်အထိ ပအဖ၊ ပလဖ၊ ပကဖ စတာတွေနဲ့ တွေ့ဆုံပြီးတော့ အသေးစိတ် စီစဉ်ဆောင်ရွက်နေပါပြီ။ မကြာခင်မှာတော့ စတင်နိုင်တော့မှာ ဖြစ်ပါတယ်”လို့ တမူးခရိုင် တော်လှန်ရေး သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေက ခမ်းပတ်မြို့ကို မြို့သိမ်းတိုက်ခိုက်ချိန် မဆုတ်တမ်းခံစစ်စခန်း အပါအဝင် ခမ်းပတ်မြို့ ရဲစခန်းနဲ့ ခမ်းပတ်စခန်းက စစ်အုပ်စုတွေ အိန္ဒိယနိုင်ငံဘက်ကို စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ အဆိုပါ တော်လှန်ရေး သတင်းရင်းမြစ်က ဆိုပါတယ်။

“ခမ်းပတ်စခန်းက အဖွဲ့တွေ(စစ်အုပ်စု)က အိန္ဒိယနယ်စပ်ဘက်ကို ထွက်ပြေးသွားတာ။ မနေ့က (နိုဝင်ဘာ ၈) ကျွန်တော်တို့ ရဲဘော်တွေက သူတို့ နောက်ကို လိုက်တဲ့အချိန်မှာ ထိတွေ့မှု ရှိခဲ့တယ်။ အဲဒီလို ဖြစ်ပြီးနောက် နယ်စပ်ကနေ ပြီးတော့ အိန္ဒိယနိုင်ငံထဲကို ဝင်ရောက်သွားပြီး အိန္ဒိယ စစ်တပ်ဆီ သူတို့ လုံခြုံရာ လုံခြုံကြောင်းအရ လက်နက်ချ အလင်းဝင်တဲ့ ပုံစံနဲ့ ရောက်သွားကြပြီလို့ သိရတယ်။ နောက်ပြီး ဝိတုတ်ကျေးရွာက (စခ)တွေကတော့ ဘယ်ကို ထွက်ပြေးသွားတယ်ဆိုတာ မသိရသေးဘူး”လို့ တော်လှန်ရေး သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

နိုဝင်ဘာ(၉)ရက်မှာတော့ တမူးခရိုင်နဲ့ ခမ်းပတ်မြို့နယ်ထဲမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေက နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေပြီး စစ်အုပ်စုရဲ့ ပန်းသာဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်နေကာ စခန်းသိမ်းနိုင်မှု ရှိ၊မရှိကိုတော့ MFP အနေနဲ့ အတိအကျ မသိရသေးပါဘူး။

မြို့သိမ်းတိုက်ပွဲတွေနဲ့ စစ်အုပ်စုရဲ့ လေကြောင်း အန္တရာယ်ကြောင့် ခမ်းပတ်မြို့ပေါ်က ဒေသခံပြည်သူ အများအပြား စစ်ဘေး တိမ်းရှောင်နေရဆဲ ဖြစ်ပြီး မြို့တွင်း ပြန်လည် ဝင်ရောက် နေထိုင်သူတွေလည်း ရှိတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ခမ်းပတ်မြို့ဟာ ကလေး – တမူး အာရှ အဝေးပြေးလမ်းပေါ်မာ တည်ရှိပြီး အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်က အချက်အချာကျတဲ့ မြို့ဖြစ်ပါတယ်။

ခမ်းပတ်မြို့ကု သိမ်းပိုက်နိုင်ဖို့ နိုဝင်ဘာ(၃)ရက်က စတင်ပြီး အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှု အစီအစဥ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ တမူးခရိုင် တပ်ရင်း (၂) ၊ စစ်ဒေသအထူး တပ်ရင်း (၂) ၊ အမှတ် (၁) စစ်ဒေသ လက်နက်ကြီးအဖွဲ့၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့ ၊ CNDF ၊ TDA ၊ RCDF နဲ့ KNA-Burma တော်လှန်ရေး အဖွဲ့တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်အုပ်စုက လေကြောင်းပစ်ကူပြီး လေယာဉ်နဲ့ အင်အားဖြည့်တင်းကာ ခုခံနေတဲ့ကြားက နိုဝင်ဘာ(၇)ရက်မှာ မြို့ကို အပြီး သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *