နောက်ဆုံးပိတ်အိတ်နဲ့လွယ် ကွမ်းလုံ အလုံးစုံအိတ်ထဲထည့်လိုက်ပီ

ကွမ်းလုံ၌ ကျန်နေသည့် စစ်ကောင်စီဗျူဟာကုန်းနှင့် လက်နက်ကြီးကုန်းကို ညီနောင်မဟာမိတ်တပ်များ သိမ်းပိုက်

“မြို့ကို သိမ်းထားတာတော့ လေးရက်လောက်ရှိပြီ။ ဗျူဟာကုန်းနဲ့ လက်နက်ကြီးကုန်းကိုတော့ ဒီညနေမှ သိမ်းရတာပါ” – စစ်ရေးသတင်းရင်းမြစ်

ဆန်အောင်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ ကွမ်လုံမြို့၌ကျန်နေသည့် စစ်ကောင်စီ ဗျူဟာကုန်းနှင့် လက်နက်ကြီးကုန်းကို ညီနောင်မဟာမိတ်တပ်များက ယနေ့ (နိုဝင်ဘာ ၁၀ရက်) ညနေပိုင်း၌ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကွမ်းလုံမြို့ကို လွန်ခဲ့သည့်ရက်ပိုင်းကတည်းက ကိုးကန့်တပ်မတော်(MNDAA) အပါအဝင် မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ကျန်နေသည့် စစ်ကောင်စီတပ်များကို ဆက်လက်တိုက်ခိုက်ရာ ယနေ့တွင် အောင်မြင်မှုထပ်မံ ရရှိခဲ့ခြင်းဖြစ်သည်။

“ကွမ်းလုံဗျူဟာကုန်းနဲ့ လက်နက်ကြီးကုန်း ဒီနေ့ ကျသွားပြီ။ ကွမ်းလုံဒေသတစ်ခုလုံး မြောက်ပိုင်း၃ဖွဲ့ရဲ့လက်ထဲကျသွားပါပြီ။ လက်နက်ကြီးကုန်းကို ဒီနေ့မှ ရတာ။ အခုတော့ ကွမ်းလုံမှာ စကစတပ် လုံး၀မရှိတော့ပါ။ မြို့ကို သိမ်းထားတာတော့ ၄ရက်လောက်ရှိပြီ။ ဗျူဟာကုန်းနဲ့ လက်နက်ကြီးကုန်းကိုတော့ ဒီညနေမှ သိမ်းရတာပါ။ ကွမ်းလုံမြို့ အလုံးစုံ ကျသွားပါပြီ”ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ကွမ်းလုံမြို့ကို အလုံးစုံထိန်းချုပ်သိမ်းပိုက်နိုင်ရေး ဆက်လက်ကြိုးပမ်းနေကြောင်း ညီနောင်မဟာမိတ်တပ်များက ယနေ့နံနက်တွင် အသိပေးထားသော်လည်း ယခု သိမ်းပိုက်ရရှိမှုကို သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

အဆိုပါစခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းရရှိမှု ၊စစ်ကောင်စီတပ် သေဆုံးထိခိုက်အခြေအနေများကို စုံစမ်းနေဆဲဖြစ်သည်။

ကွမ်းလုံမြို့ကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း MNDAAကို ကိုးကားပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကယမန်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ယခု ကွမ်းလုံကို မဟာမိတ်တပ်များက အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်သကဲ့သို့ ၁၀၂၇စစ်ဆင်ရေးအတွင်း ချင်းရွှေဟော်၊ သိန္နီ၊ ဖောင်းဆိုင်၊ ပန်ဆိုင်း၊ မုံးကိုး မြို့များကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရန် ဖော်ဆောင်နေပြီဖြစ်ကြောင်း ညီနောင်မဟာမိတ်များက အသိပေးထားသည်။

ထို့အပြင် နမ့်ခမ်း၊ မန်တုံမြို့များကိုလည်း တအာင်းတပ်မတော်(TNLA) တိုက်ခိုက်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

(တာပါးတုတံတား (သံလွင်တံတား) ပေါ်တွင် MNDAA တပ်ဖွဲ့ဝင်များကို နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – The Kokang

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *