“လွိုင်ကော်” ပြည်သူနှင့်ပြည်သူ့ဘက်တော်သားများဘေးကင်းပါစေ(ရုပ်သံ)

လွိုင်ကော်မြို့ပေါ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး လက်နက်ကြီး လက်နက်ငယ်သံများ ဆက်တိုက်ကြားနေရ၊ ပြည်သူတချို့ စစ်ဘေးရှောင်ရ

အောက်ဆုံးတွင်ဗီဒီယိုဖိုင်ကြည့်ရန်

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်တွင် ယနေ့ နံနက်အစောပိုင်းမှစတင်၍ တိုက်ပွဲများဖြစ်ပွားနေပြီး လက်နက်ကြီး လက်နက်ငယ် သံများ ဆက်တိုက်ကြားနေရကာ ပြည်သူတချို့ စစ်ဘေးရှောင်နေရကြောင်း ဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“မနက်အစောပိုင်းကတည်းက လက်နက်ကြီး လက်နက်ငယ် ပစ်သံတွေကြားရတာ။ တချို့ရပ်ကွက်တွေထဲကျလို့ ပြည်သူတွေ ထွက်ပြေးရတာရှိတယ်။ ပြေးတယ်ဆိုတာက ကျည်လွတ်ရာကို ပြေးရတာ။ ဘာမှ မယူနိုင်ဘူး။ တအုန်းအုန်း တဒိုင်းဒိုင်းနဲ့ ကို ချနေကြတာ။ အခုထက်ထိလည်း တိုက်ပွဲဖြစ်သံတွေ ဆက်ကြားနေရတယ်” ဟု လွိုင်ကော်မှ ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

တော်လှန်ရေးသတင်းရင်းမြစ်တချို့က ယနေ့ နံနက်ပိုင်းတွင် လွိုင်ကော်ရှိ စစ်ကောင်စီတပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း ပြောဆိုသော်လည်း လက်ရှိ တိုက်ပွဲဖြစ်ပွားမှု အခြေအနေများကို မပြောလိုဟု ပြောဆိုကြသည်။

လတ်တလော ကရင်နီပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ်လျက်ရှိသော စစ်ရေးအခြေအနေများအရ ” လွိုင်ကော် – ဒီးမော့ဆို ၊ လွိုင်ကော်- မိုးဗြဲ နှင့် လွိုင်ကော်- ဆီဆိုင် ” လမ်းမကြီးများအားအသုံးပြု သွားလာခြင်း မပြု လုပ်ကြပါရန် KNDF ဗဟိုက အသိပေးမေတ္တာရပ်ခံထားသည်။

ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှစ၍ “လွိုင်ကော် – ဒီးမော့ဆို ၊ လွိုင်ကော်- မိုးဗြဲ နှင့် လွိုင်ကော်- ဆီဆိုင်”လမ်းပိုင်း နေရာများ အနီးတစ်ဝိုက်တွင် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုများနှင့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်းသိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ခရီးသွားလာခြင်း ၊ နေအိမ်ပြင်ပထွက်၍ သွားလာခြင်းများ မပြု လုပ်ပဲ လုံခြုံသောနေရာများတွင်သာ နေထိုင်ပေးကြပါရန်နှင့် စစ်ရေးသတင်းများကိုလည်း မလိုအပ် သေးပါက ဆိုရှယ်မီဒီယာများပေါ်တွင် ရေးသားထုတ်ပြန်ခြင်းများ မပြုလုပ်ကြရန် မေတ္တာ ရပ်ခံတိုက် တွန်းထားသည်။

စစ်ရေးသတင်းများနှင့်ပတ်သက်၍ စစ်ဆင်ရေးပြီးပြတ်ပါက အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထား သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *