တော်လှန်ရေးအင်အားစု သတိပေးချက်ထုတ်ပြန်

စစ်ကောင်စီဦးဆောင်ကျင်းပမယ့် အင်းအမျိုးသားနေ့ ပါဝင်ဆင်နွှဲတာမျိုး မပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေ တောင်းဆို

မဲခေါင်၊​ နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ မနက်ဖြန် တန်ဆောင်မုန်းလဆန်း ၁၂ ရက်နေ့ (နိုဝင်ဘာ ၁၃)မှာ ကျရောက်မယ့် အင်းအမျိုးသား‌နေ့ အခန်းအနားကို စစ်ကောင်စီက ဦးဆောင် ကျင်းပသွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။

COVID_19 ကပ်ရောဂါဘေးနဲ့ စစ်အာဏာသိမ်းမှု ဂယက်တွေကြောင့် ၃ နှစ်ကြာ ရပ်ဆိုင်းထားရတဲ့ အင်းသား အမျိုးသားနေ့ပွဲတော်ကို စစ်ကောင်စီက ဦစီးကျင်းပတာကြောင့် ပါဝင်ဆင်နွှဲတာမျိုး မပြုလုပ်ကြဖို့ အင်းလေး တော်လှန်ရေး အင်အားစုတွေက တောင်းဆိုထားတာပါ။

အင်းအမျိုးသမီး သမ္မဂအဖွဲ့ (IWU)ရဲ့ အတွင်းရေးမှူး မကြိုးကြာက “ဒီပွဲက စစ်ကောင်စီ ဦးဆောင်တာပေါ့နော်။ သူတို့က လူမစည်စည်အောင် လောင်းကစားဝိုင်းတွေနဲ့ ဆွဲဆောင်ထားတယ်။ ပြီးတော့ အခုကျင်းပမယ့်နေရာကလည်း စံကားဆိုတော့ တိုက်ပွဲဖြစ်တဲ့ နေရာတွေနဲ့ နီးတယ်လေ။ ဒါကြောင့် မသွားစေချင်ဘူးပေါ့နော်။ စစ်ကောင်စီက ဦးဆောင်တာဆိုတော့ ကျမတို့ အနေနဲ့ ကန့်ကွက်တယ်။ သွားဖို့လည်း အားမပေးဘူးပေါ့” လို့ ပြောပါတယ်။

အင်းအမျိုးသားနေ့ အခန်းအနားက အရင်က ညောင်ရွှေမြို့ပေါ် တစ်နေရာပဲ ကျင်းပမယ့် အခုတစ်ကြိမ်မှာတော့ ညောင်ရွှေမြို့နယ်၊ ဖယ်ခုံမြို့အနီးက စံကားကျေးရွာနဲ့ ညောင်ရွှေမြို့ပေါ်နေရာမှာ ၂ နေရာခွဲပြီး ကျင်းပသွားမယ်လို့ ဆိုပါတယ်။

Justice Movement for Community – Innlay အဖွဲ့အစည်း တည်ထောင်သူ ဒေါ်ယုလှိုင်သင်းကလည်း “သူတို့က ပွဲလာတဲ့သူတွေအတွက် မပြောနဲ့။ သူတို့ကိုယ် သူတို့တောင်မှ လုံခြုံရေး ပေးနိုင်ရဲ့လားပေါ့နော်။ နောက်ပြီး ပွဲသွားမယ့်သူတွေကို ပြောချင်တာက လူမှုကွန်ယက်စာမျက်နှာ (Facebook)မှာလည်း ဘယ်ဒေသ ဘာဖြစ်တယ်ဆိုတာ သိနေ မြင်နေတာပဲပေါ့။ သူတို့အတွက် ငဲ့ကြည့်သင့်တယ်။ ကိုယ့်ဒေသမှာ အဖမ်းခံရတဲ့သူ၊ ထွက်ပြေးတိန်းရှောင်ရတဲ့ သူတွေကို ငဲ့ညာတဲ့ အနေနဲ့ ပွဲတက်ရောက်မှုကို လျှော့စေချင်တယ်။ နောက်ပြီး တတ်နိုင်ရင် မသွားစေချင်ဘူးပေါ့” လို့ ပြောပါတယ်။

မနက်ဖြန် ကျရောက်မယ့် အင်းအမျိုးသားနေ့ ပွဲတော်ကို စစ်ကောင်စီရဲ့ ဖိအားပေးမှုနဲ့အတူ သူတို့ လက်အောက်ခံ အင်းအမျိုးသားရေးရာ ဝန်ကြီး ဦးအောင်ကြည်ဝင်းနဲ့ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့က ဦးဆောင် ကျင်းပတာလို့ သိရပါတယ်။

အင်းအမျိုးသားနေ့ ပွဲတော်နဲ့ ပတ်သက်ပြီး အင်းလေး ပြည်သူ့ ကာကွယ်ရေးတပ် (IPDF)ရဲ့ ပြန်ကြားရေးတာဝန်ခံ တစ်ဦးက “သုံးသပ်ရရင်တော့ ဒီပွဲဟာ စစ်ကောင်စီက ပြည်သူတွေကို ထိုးကျွေးတာပေါ့။ ခင်ဗျားတို့ ဖြစ်ရင် ခင်ဗျားတို့ခံ ပွဲကတော့ ဖြစ်အောင် လုပ်မှာပဲ။ အဲဒီ ပိုက်ဆံကိုလည်း ပြည်သူဆီကနေ ကောက်မယ်။ သူတို့ကတော့ ခံရမှာ မဟုတ်ဘူးလေ။ ပြည်သူတွေပဲ ခံရမှာ။ စံကားဆိုတာက တိုက်ပွဲနဲ့ အနီးဆုံးနေရာ။ ကျနော်တို့ မလုပ်လည်း တခြား အဖွဲ့က လုပ်မှာပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ပြည်သူတွေကို ခုတုံးလုပ်တဲ့ပွဲ အဲလို မြင်တယ်” လို့သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း စစ်ကောင်စီနဲ့ သူတို့ကို ထောက်ခံတဲ့အုပ်စု အပါအဝင် ပျူစောထီးတွေက ညောင်ရွှေမြို့ပေါ်မှာ အင်းအမျိုးသားနေ့ အခန်းအနားကို အကျဉ်းရုံး ကျင်းပခဲ့ပြီး လူဦးရေ ဆယ်ဂဏန်းလောက်သာ တက်ရောက်ခဲ့ကြတယ်လို့ စုံစမ်း သိရပါတယ်။

မှတ်ချက် – ၂၀၁၆ ခုနှစ်ပုံဟောင်း

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *