တိုင်းပြည်အကျိုးပြုတဲ့ကြယ်လေးတွေသဂြိုလ်(ရုပ်သံ)

စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် အောင်ချမ်းသားကျေးရွာအနီး စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေချိန် စစ်ကူလာတဲ့ စစ်အုပ်စု စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ဖို့ အသွား၊ စစ်အုပ်စုရဲ့ တန်ပြန်ညှပ်ပိတ် ဖမ်းဆီး ခံရပြီး သတ်ဖြတ်ခံရသူ (၂၄)ဦးရဲ့ ရုပ်အလောင်းတွေကို မနေ့က သဂြိုလ်ပေး‌ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ မနေ့က သဂြိုဟ်လိုက်တဲ့ အလောင်း(၂၄)လောင်းဟာ စစ်အုပ်စုရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံရတဲ့ မင်းကင်းနဲ့ ကလေး၀နယ်က ပြည်သူကာကွယ်ရေး တပ်ဖွဲ့၀င် (၁၈)ဦးနဲ့ ဒေသခံ အရပ်သား ပြည်သူခြောက်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ ကလေးဝမြို့နယ် အောင်ချမ်းသာ ကျေးရွာကို နိုဝင်ဘာ(၃)ရက်က စတင်ကာ တော်လှန်ရေး တပ်တွေက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတာ ဖြစ်ပြီး နိုဝင်ဘာ(၉)ရက် ညနေပိုင်းက အဲ့ဒီ တိုက်ပွဲဖြစ်နေတဲ့ အောင်ချမ်းသာရွာဘက် စစ်ကူလာတဲ့ စစ်အုပ်စုကို ကြားဖြတ် တိုက်ခိုက်ဖို့အသွား ကလေးဝနယ် ဆင်အိုင်မရွာအနီးမှာ စစ်အုပ်စုရဲ့ တန်ပြန်ဝိုင်းညှပ်ပိတ်ဆို့ တိုက်ခိုက်ခံတာ ခံရပြီး တော်လှန်ရေး ရဲဘော် (၂၀)ကျော် ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။ အဲ့ဒီ ဖမ်းဆီးခံရသူတွေထဲက ရဲဘော် (၁၈)ဏီးရဲ့ အလောင်းကို တွေ့ရတာဖြစ်ပြီး တချို့ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးတဲ့ ပြည်သူတွေကတော့ မင်းကင်းနယ် သံပုရာနဲ့ လျှော်ပင်ကျေးရွာက ဒေသခံတွေ ဖြစ်ပြီး သူတို့ အားလုံးဟာ ဆင်အိုင်မကျေးရွာအနီး တောလမ်းမှာ ဖြတ်သန်းသွားလာချိန် စစ်အုပ်စုရဲ့ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။ စစ်အုပ်စုဟာ အဲ့ဒီ ဖမ်းမိတဲ့ တော်လှန်ရေး ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေကို ၀မ်းလျားမှောက်ခိုင်းကာ တချို့ကို သေနတ်နဲ့ပစ်သတ်ပြီး တချို့ကိုတော့ ‌ဓါးနဲ့လှီးဖြတ် သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ မင်းကင်းနယ် ‌ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောပါတယ်။ ဆင်အိုင်မရွာအနီးမှာ စစ်အုပ်စုရဲ့ တန်ပြန်ဝိုင်းညှပ်ပိတ်ဆို့ တိုက်ခိုက်ခံရကာ ဖမ်းဆီးခံလိုက်ရတဲ့ တော်လှန်ရေး ရဲဘော်တွေထဲက ရဲဘော် လေးဦး ထွက်ပြေး လွတ်မြောက်လာပြီး ရဲဘော်တချို့ကတော့ .နေ့အထိ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်အုပ်စုက သတင်းဖြန့်ရာမှာတော့ နိုဝင်ဘာ(၉)ရက် ည(၈)နာရီခွဲက ကလေးဝမြို့နယ် ဆင်အိုင်မ ကျေးရွာအနီးမှာ PDF တွေနဲ့ တိုက်ပွဲဖြစ်ပြီး အလောင်း(၂၈)လောင်းနဲ့ လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ ဆိုပါတယ်။ အောင်ချမ်းသာ ကျေးရွာ တိုက်ပွဲဟာ ဒီနေ့အထိ ဆက်လက် ပြင်းထန်နေပြီး စစ်အုပ်စုက မြေပြင်စစ်ကြောင်း သာမက လေကြောင်းကနေ သုံးကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ကာ စစ်ကူပေးခဲ့တယ်လို့လည်း တော်လှန်ရေး ရဲဘော်တွေက ပြောပါတယ်။ ကလေး၀မြို့နယ် အောင်ချမ်းသာနဲ့ ဆင်အိုင်မကျေးရွာတွေဟာ ကလေး၀ -မုံရွာ ကားလမ်းဘေးမှာ တည်ရှိတဲ့ ကျေးရွာဖြစ်ပြီးတော့ လက်ရှိ စစ်ရေးအခြေအနေကြောင့် ခရီးသွားပြည်သူတွေ ဖြတ်သန်း မသွားလာရဲဘဲ လမ်းတွေ ပိတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *