မြန်မာဘက်ခြမ်းမှာ တရားမဝင်နေတဲ့ နိုင်ငံသားတွေကို တရုတ်အစိုးရပြန်ခေါ်သတင်း(ရုပ်သံ)

မြန်မာဘက်ခြမ်းမှာ တရားမဝင်နေတဲ့ နိုင်ငံသားတွေကို တရုတ်အစိုးရပြန်ခေါ်

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ တရားမဝင်နေထိုင်နေကြတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ ဒီနှစ်ကုန် ဒီဇင်ဘာလ ၃၁ ရက်နောက်ဆုံးထားပြီး မိခင်နိုင်ငံဆီပြန်လာကြဖို့ တရုတ်ရဲတပ်ဖွဲ့က တိုက်တွန်းလိုက်လိုက်ပါတယ်။

တရုတ်နိုင်ငံသားတွေ အကျိုးစီးပွားထိခိုက်ပျက်စီးစေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အမြစ်ဖြတ်ဖို့အတွက် မြန်မာဘက်ခြမ်းမှာ တရားမဝင်နေနေတဲ့ တရုတ်နိုင်ငံသားတွေ နေရပ်ပြန်ဖို့ ယူနန်ပြည်နယ် တရုတ်ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ အင်္ဂါနေ့က ထုတ်ပြန်လိုက်တာပါ။

တရုတ်အစိုးရအာဘော် Global Times ရဲ့ဖော်ပြချက်အရ နေရပ်ပြန်မယ့် တရုတ်နိုင်ငံသားတွေအနေနဲ့ တရုတ်ရဲဆီ ၇ ရက် ကြိုတင်အသိပေးမှာရမှာဖြစ်ပြီး တရုတ်ဘက်ခြမ်းကိုရောက်ရှိတဲ့အခါမှာလည်း ရဲစခန်းဆီအမြန်ဆုံးသတင်းပို့ဖို့ တရုတ်ရဲကညွှန်ကြားထားတယ်လို့သိရပါတယ်။

သတ်မှတ်ကာလ ဒီဇင်ဘာလ ၃၁ ရက်မတိုင်ခင် ပြန်လာတဲ့သူတွေဟာ မြန်မာဘက်ခြမ်းမှာ ဆောင်ရွက်ချက်အပေါ် မူတည်ပြီး ပြစ်ဒဏ်လျော့ပေါ့ပေးတာမျိုးရှိမယ်လို့လည်း တရုတ်ရဲက ကမ်းလှမ်းထားပါတယ်။

တရုတ်ဘက်ကို ပြန်လာဖို့တိုက်တွန်းချက်ကို ငြင်းဆန်တာ နဲ့ မြန်မာဘက်ခြမ်းမှာ တရားမဝင်ဆောင်ရွက်ချက်တွေကို ဝန်မခံရင် ပြင်းပြင်းထန်ထန်အရေးယူမယ်လို့တရုတ်ရဲက သတိပေးထားတယ်လို့ Global Times က ဖော်ပြပါတယ်။

သတ်မှတ်ပေးထားတဲ့ ကာလအတွင်း အချိန်မီ ပြန်မလာတဲ့ တရုတ်နိုင်ငံသားတွေကို ဘဏ်ကတ် ပိတ်တာ ၊ အွန်လိုင်းငွေပေးချေမှုဝန်ဆောင်မှုတွေပိတ်ပင်တာ ၊ ဆင်းကတ်ပိတ်တာကို တရုတ်အစိုးရက လုပ်ဆောင်မှာပါ။

တရုတ်အစိုးရဟာ မြန်မာဘက်ခြမ်း မှာ အခြေစိုက်လုပ်ကိုင်နေတဲ့ ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည်မှုတွေ လုပ်ငန်းတွေမှာတရုတ်နိုင်ငံသားတွေကို အတင်းအဓမ္မခိုင်းစေတာ ၊ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတာတွေကြောင့် စစ်ဆင်ရေးတစ်ရပ်အနေနဲ့ချေမှုန်းနေတာပါ။

အဲဒီလုပ်ငန်းတွေရဲ့ခေါင်းကိုင်တွေအဖြစ် စစ်ကောင်စီနဲ့ ဆက်နွယ်တဲ့ ကိုးကန့်ခေါင်းဆောင် ၊ ကြံခိုင်ရေးအမတ်ဟောင်းတွေနဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေအပြင် ဝ တပ်ဖွဲ့ ခေါင်းဆောင်ဟောင်း နှစ်ဦးကိုလည်း တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ထားပါတယ်။

ဒါအပြင် ကျားဖြန့်ဂိုဏ်းသံသယနဲ့ စစ်ကောင်စီနဲ့နီးစပ်တဲ့ ကိုးကန့်သူဌေးတွေကို တရုတ်အစိုးရ ကဖမ်းဆီးထားတာရှိပါတယ်။

ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ကိုးကန့်ဒေသလောက်ကိုင်မြို့မှာ တရုတ်အထူးတပ်ဖွဲ့ဝင်တွေ ခြေချခွင့်ရထားတယ်လို့ ဘီဘီစီမြန်မာပိုင်းက ပြီးခဲ့တဲရက်ပိုင်းကဖော်ပြထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *