ကျိုက်မရော၊ ချောင်းနှစ်ခွသို့ တက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု အလောင်း ၁လောင်းနှင့် လက်နက်ခဲယမ်းများရရှိ၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြားနိုင်
နိုဝင်ဘာ ၁၉
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွသို့ တက်လာသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်သားအလောင်း ၁ လောင်းနှင့်အတူ လက်နက်ခဲယမ်းများရရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၁၁ နာရီကျော်အချိန် ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ၀ိုင်းဝန်း တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများစွာဖြင့် ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ယင်းနောက် တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရာ အလောင်း ၁ လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။
“နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၁၁ နာရီမှာ စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။
အလောင်း ၁ လောင်းနဲ့အတူဆက်စက်ပစ္စည်းများရရှိပါတယ်။ စစ်ခွေးဘက်က အထိအခိုက်အကျအဆုံးကိုအတိ အကျမသိရှိပါ။ တော်လှန်းရေးပူးပေါင်းအဖွဲ့မှ အထိအခိုက်မရှိပါဘူး။ အခုထက်ထိ ဆက်လက် ဝိုင်းဝန်းပိတ်ဆို့ထားဆဲပါ။ စစ်တပ်ဘက်က အထိအခိုက်အကျဆုံးများမယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ဆိုသည်။
KNU ၊ PDF တပ်ဖွဲ့များက ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ တံတားကို သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ စစ်ကြောင်းထိုးခြင်းများကို တောက်လျှောက်ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။