ပေါတာဆွဲမယ်ဆိုတဲ့ ကောလဟာလတွေတစ်ကယ်ဖြစ်လာပီး

ရန်ကုန်တွင် လူငယ်များကို စစ်သင်တန်းတက်ရန် စုဆောင်းမှုများရှိနေပြီး ပေါ်တာဆွဲသတင်းများနှင့်အတူ လူငယ်တချို့ပျောက်ဆုံးနေ

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ရန်ကုန်တွင် လူငယ်များကို စစ်သင်တန်းတက်ရန် စုဆောင်းမှုများ ရှိနေပြီး တပ်သားသစ်စုဆောင်းရရှိရေး စစ်တပ်က ပေါ်တာဆွဲမှုများ ပြုလုပ်နေသည်ဆိုသော သတင်းများနှင့်အတူ လူငယ်တချို့ ပျောက်ဆုံးနေကြောင်း ရန်ကုန်မြို့ မှ ပြည်သူများက ပြောဆိုကြသည်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ လေးထောင့်ကန် ၊ အမှတ် ၅၀၄ အမြောက်တပ်က ကြံ့ဖွတ်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်ပေါင်း၍ လူငယ်များ စစ်သင်တန်းတက်ကြရန် ရပ်ကွက်များတွင် လိုက်လံ ဖိအားပေး စုဆောင်း နေကြောင်း၊ထိုသို့ စုဆောင်းမှုကို ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှ ကြံ့ဖွတ်အဖွဲ့ဝင် တင်ညွှန့်က ဦးဆောင်ကြောင်း သိရှိရသည်။

“တောင်ဒဂုံ အပိုင်၊ လေးထောင့်ကန်ဘက်၊ အမှတ် ၅၀၄ အမြောက်တပ်က ကျပန်းအလုပ်သမားတွေနဲ့ ငါးရှာ၊ ဖားရှာနေတဲ့လူငယ်တွေ၊ ရပ်ကွက်နေပြည်သူတွေကို စစ်သင်တန်းတက်ဖို့ ဖိအားပေးစုဆောင်းနေပါတယ်။ လိုက်လံစုဆောင်းနေသူကတော့ ကြံခိုင်ရေးအဖွဲ့ ဝင် ဦးတင်ညွန့် ဖြစ်ပါတယ်။ စုဆောင်းသူ ခေါင်းဆောင် ကြံ့ဖွတ် ဦးတင်ညွှန့် အမှတ် ၂ လမ်းမဘေး၊ ၅၀၄ အမြောက်တပ်နားမှာနေတယ်။ သူ့ မိန်းမက ဒေါ်ဗြားပေါက်မှတ်တိုင်ရှေ့တည့်တည့်မှာ အသုတ်မုန့်ဟင်းခါးရောင်းတယ်။ အဲဒါ ရပ်ကွက်တွေမှာ အခု လူငယ်တွေက အသည်းအသန် လိုက်စုနေတယ်” ဟု တောင်ဒဂုံမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ အင်းစိန်မြို့နယ်တွင်လည်း ဧည့်စာရင်းစစ်မှုများနှင့်အတူ မှတ်ပုံတင်မရှိသူ လူငယ်များကို ဖမ်းဆီးသွားမှုများရှိကြောင်း၊ ဖမ်းဆီးခံရသူ လူငယ်တချို့ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေကြောင်း ဒညင်းကုန်းစျေးမှ ပြည်သူတချို့က ပြောဆိုသည်။

“အင်းစိန်ဒညင်းကုန်းဈေးအနီးတစ်၀ိုက်ဘက်မှာ ညပိုင်း ဧည့်စာရင်းစစ်တယ်။ ဟိုလွန်ခဲ့တဲ့ရက်ပိုင်းက ဧည့်စာရင်းမတိုင်တာရယ်၊ မှတ်ပုံတင်မရှိတာရယ်ကြောင့် လူငယ်အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၂ ဦး အဖမ်းခံရတယ်။ အဲဒါ အမျိုးသမီး ၂ ဦးက တော့ ပြန်လွတ်တယ်။ လူငယ် အမျိုးသား ၁၀ ဦးကတော့အ ခုအချိန်အထိ ပြန်မလွတ်ဘူး။ အဆက်အသွယ် လည်းမရတော့ဘူး” ဟု ဒညင်းကုန်စျေးအတွင်းမှ ဟင်းရွက်အရောင်းဒိုင်တစ်ဦးက ပြောဆိုသည်။

လူငယ်တချို့ ပျောက်ဆုံးနေရာတွင် လူမှုကွန်ရက်များတွင် လူပျောက်ကြော်ငြာများ တင်ထားသည်ကိုတွေ့ရသည်။

လူမှုကွန်ရက်တွင် Wai Wai Thwin အကောင့်ပိုင်ရှင်က ၎င်း၏ မောင်ဖြစ်သူ ဥက္ကာသည် နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၁၁ နာရီအချိန်၊ ဆူးလေ လမ်း ၃၀ တွင် ရောက်ရှိနေစဉ် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း၊ တွေ့ရှိပါက ဆက်သွယ်ရန် ဖုန်းနံပါတ်များနှင့်တကွ ဆက်သွယ်ရန် ကြော်ငြာထားသည်။

“ညဘက်က လူငယ်တွေ ကလေးတွေကို ပေါ်တာဆွဲတာတွေတော့ အတော်ကြားနေရတယ်။ ရန်ကုန်မြို့ပေါ်မှာလည်း စစ်သားစုဆောင်းဖို့ ပေါ်တာဆွဲတာတွေ ရှိတယ်လို့ သိရတယ်။ လူပျောက်ကြော်ငြာတွေလည်း အရမ်း တွေ့နေရတာ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ရှေကတန်းစစ်မျက်နှာများတွင် စစ်သားများ သေဆုံး မှုများပြားနေသည့်အတွက် ဝန်ထမ်းများ၊ တက္ကသိုလ်ကျောင်းသားများကို တပ်ခွဲများ ဖွဲ့စည်းခိုင်းခြင်း၊ ကိုယ်ရေးအချက်အလက်များ တောင်းခံခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က ပျူစောထီး(ခေါ်) ပြည်သူ့စစ်များကို စစ်သင်တန်းပေးနေစဉ်။

Be the first to comment

Leave a Reply

Your email address will not be published.


*