ပေါက်တောတွင်တိုက်ပွဲပြင်းထန်နေ ပြည်သူတွေဘေးကင်ကြပါစေ

ပေါက်တောမြို့၌ တပ်စွဲထားသော စစ်တပ်ကို AA က ဝင်ရောက် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ၊ စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ နိုင်ဝင်ဘာ ၂၁

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်ကို ရက္ခိုင့်တပ်တော် AA က ဝင်ရောက်တိုက်ခိုက်နေပြီး နှစ်ဖက်အပြန်အလှန် တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီတပ်က တပ်စွဲထားသည့် ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် AA က ယနေ့ နိုဝင်ဘာ ၂၁ ရက် မွန်းတည့် ၁၂ နာရီကျော်က ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှလည်း တိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့ ၁၂ နာရီ ၄၅ မိနစ်က စပြီး နှစ်ဖက် အပြန်အလှန် ဖြစ်နေကြတာ။ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲနေသလို ရောကတ်တွေနဲ့လည်း ပစ်နေတယ်။ ပြီးတော့ စစ်ရေယာဉ် (နေဗီ) နှစ်စီးကနေ ၆၆ မမ တွေနဲ့ ပစ်နေတယ်။ တိုက်ပွဲက အခုထိ ကြားနေရတုံးပဲ” ဟုပြောသည်။

လက်ရှိတွင် အပျက်အစီးများနှင့် နှစ်ဖက်ထိခိုက်ဒေသေဆုံးနှင့် အရပ်သားများအား ထိခိုက်မှုအခြေအနေကို မသိရသေးဘဲ ပေါက်တောမြို့ပေါ်လက်ရှိ တိုက်ပွဲဖြစ်မှုအခြေနေနှင့် ပတ်သက်၍ မြို့ထဲ ပိတ်မိနေသူတစ်ဦးက ယခုကဲ့သို့ပြောသည်။

“ပစ်သံကတော့ မြို့ရဲ့အဖက်ဖက်ကကြားရပါတယ်။ လေယာဥ်လည်းရောက်လာပါတယ်။ မိနစ်ပိုင်းလောက်ပစ်ပြီး ခုတော့ပြန်သွားပါပြီ။ ဘယ်ကဘယ်လိုစဖြစ်တယ်ဆိုတာတော့ အပြင်မထွက်ရတဲ့ အတွက် သေချာမသိနိုင်ပါဘူး” ဟုပြောသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့က AA မှ မြို့မရဲစခန်းနှင့် ဌာနဆိုင်များကို ထိန်းချုပ်ခဲ့ပြီးနောက် ယင်းနေ့ နေ့လယ်တွင် စစ်ကောင်စီက အင်အားအလုံးအရင်း ရေတပ်၊ ကြည်းတပ်များဖြင့် ပစ်ခတ်ဝင်ရောက်လာခြင်းကြောင့် AA က ဆုတ်ခွာခဲ့ရသည်။

ထိုသို့ ဆုတ်ခွာပြီး နောက်တစ်နေ့တွင် AA က ပေါက်တောမြို့မှာရှိသည့် စစ်ကောင်စီတပ်ကို ပြန်လည် လက်တုန့်ပြန်သွားမည်ဟု သတိပေးနောက် ယနေ့တွင် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။

ပေါက်တောမြို့တွင် စစ်ကောင်စီက စစ်အင်အား ၁၀၀ ကျော်၊ ရဲအင်အား ၆၀ ကျော်ဖြင့် အင်အားဖြည့်တင်းလိုက်သည့်အပြင် စစ်ရေယာဉ်နှစ်စီးဖြင့် မြို့ကို ခေါင်းတည်ထားကြောင်း သိရသည်။

စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲမှုကြောင့် ပေါက်တောပြည်သူများမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရပ်သား ၁၁၈ ဦးကို ဖမ်းဆီးထားကြောင်း သတင်းရင်းမြစ်များက အတည်ပြုထားသည်။

(Western News-WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *