မော်လမြိုင် မြို့ပေါ်ရပ်ကွက်‌တွေ ဧည့်စာရင်း စစ်ဆေးမှုပိုတင်းကျပ်လာ

အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုက်ခိုက်ခံရပြီးနောက် မော်လမြိုင် မြို့ပေါ်ရပ်ကွက်‌ေတွ ဧည့်စာရင်း စစ်ဆေးမှုပိုတင်းကျပ်လာ

▪️ ဧည့်စာရင်းတိုင်ကြားခြင်းမရှိပါက ငွေကျပ်၅ သိန်းအထိတောင်းခံနေ

နိုဝင်ဘာလ ၂၁ ရက်

အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရပြီးနောက်ပိုင်း မော်လမြိုင် မြို့ပေါ်ရပ်ကွက်တွေမှာ ဧည့်စာရင်း စစ်ဆေးမှု ပိုမိုတင်းကျပ်လာပြီး နေအိမ်တွေမှာ ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့သိရပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဧည့်စာရင်း တိုင်ကြာထားခြင်းမရှိပါက စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားကာ ငွေ ၅ သိန်းအထိ တောင်းခံပြီးမှ ပြန်လည်လွှတ်ပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရပ်ကွက်တွေထဲမှာ မင်္သကာတဲ့ သတင်းရထားတဲ့အိမ်တွေကို ဝင်စစ်ဆေးနေတယ်။ လာရင် ရဲတွေကြီးပဲမဟုတ်ဘူး ရဲကားတွေကော စစ်ကားတွေကော။ အိမ်တစ်အိမ်ကိုဝင်စစ်‌ရင် ဧည်စာရင်း မတိုင်ထားရင် ငွေတောင်းတယ်။

တချို့တွေက ရပ်ကွက်မှာနေနေတာကြာပြီး အိမ်ထောင်စုစာရင်းက ဒီရပ်ကွက်မဟုတ်ဘူး။ အဲ့တာတောင် ဒီရပ်ကွက်မှာ နေတဲ့သူမဟုတ်ပဲ အပြင်သူဖြစ်နေရင် တခါထဲ ဖမ်းသွားတယ် နောက်သူတို့စစ်ဆေးပြီး ဘာမှမဟုတ်တဲ့အခါကျတော့ ငွေတောင်းပြီး ပြန်လွတ်တယ်” လို့ အမည်မဖော်လိုသူ မော်လမြိုင်မြို့ခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေက မော်လမြိုင်မြို့ပေါ်မှာ ညဘက် လှည့်ကင်းတွေဆောင်ရွက်နေပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေမှာ ရဲတပ်ဖွဲ့တွေက လုံခြုံရေးတိုးမြင့်ချထားတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြို့ဝင်ထွက် စစ်ဆေးရေးဂိတ်တွေမှာ ကား၊ ဆိုင်ကယ်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေပြုနေ‌တာကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်ထိန့်လန်ကာ သွားလာနေကြရတယ်လို့ ဆိုပါတယ်။

“ဆိုင်ကယ်တွေကိုဆို ဘောက်ဖွင့်ပြီး စစ်တယ်။ ဘယ်ကလာလဲ ဘယ်သွားမှာလဲနဲ့ မြို့ထဲမှာတင်ကို တိတိကျကျ လိုက်မေးနေတယ်။ ညဆိုရင် နေ့တိုင်း စစ်ကား၊ ရဲကားတွေက အုပ်ချုပ်ရေးမှူးရုံးကိုလာတယ်။ အင်အားအများကြီးနဲ့ ပြီးရင်ပြန်ထွက်သွားတယ်” မော်လမြိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က အရှေ့တောင်တိုင်းစစ်ဌာနချုပ် နှစ်ပတ်လည်ပွဲ ကျင်းပပြုလုပ်နေစဉ် လက်နက်ကြီး နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ် အရာရှိတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် ၂ ဦး သေဆုံးခဲ့တာ‌ဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *