ပြည်သူတွေကျေနပ်တဲ့ထိအရေးယူပေးပါ

ကရင်နီတွင် ဖမ်းဆီးရရှိသည့် စစ်လေယာဉ်မောင်း ဗိုလ်မှူးကို ပြည်သူများအပေါ် လေကြောင်းဖြင့် ဗုံးကျဲသတ်ဖြတ်မှုအတွက် မြန်မာနှင့် နိုင်ငံတကာ ဥပဒေများ အရ အရေးယူမည်ဟု NUGသမ္မတရုံးပြော

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ပြည်သူလူထုကို လေကြောင်းမှ တိုက်ခိုက်သတ်ဖြတ်ခဲ့သည့် စစ်လေယာဉ် မောင်း ဗိုလ်မှူးခိုင်သန့်မိုးကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ – IEC က ကြေ ညာလိုက်သည့်အပြင် NUG ကလည်း အဆိုပါ စစ်ကောင်စီလေယာဉ်မှူးကို ပြည် တွင်း ဥပဒေ၊ နိုင်ငံတကာ ဥပဒေများနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ပြောဆိုသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်ကြားတနေရာ၌ ဖမ်းဆီးရရှိခဲ့သော စစ်ကောင်စီလက်အောက်ခံ လေ ယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို ပြည်သူများကို လေကြောင်းမှတစ်ဆင့် ဗုံးကျဲ ပစ်ခတ် သတ်ဖြတ်မှုအတွက် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ပြီး ကျန်ရှိနေသော တွဲဖက်လေယာဉ်မှူး ဗိုလ် ဇာနည်မောင်ကိုလည်း ဖမ်းဆီးရမိနိုင်ရေး ဆက် လက်ရှာဖွေနေကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ – IEC က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ကရင်နီပြည်နယ်အတွင်း လေကြောင်းမှ ဗုံးကျဲ၊ ပစ် ခတ်တိုက်ခိုက်စဉ် ကရင်နီ တော်လှန်ရေးတပ်များ၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီ၏ တိုက်လေယာဉ် ပျက်ကျခဲ့ကြောင်း၊ အဆိုပါ ပျက်ကျခဲ့ သည့် တိုက်လေယာဉ်မှ လေယာဉ်မှူး ၂ ဦးမှာ လေထီးဖြင့် ခုန်ချထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း၊ နိုဝင် ဘာလ ၁၉ ရက်နေ့တွင် တောင်ငူလေတပ်မှ စစ်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို ကရင်နီ တော်လှန်ရေးတပ်များက ဖမ်းဆီးရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“စုံစမ်းစစ်ဆေးနေတယ်ဆိုတာ IEC ရဲ့ကြေညာချက်ထဲမှာလည်း ပါပါတယ်။ ပြည်တွင်း တည်ဆဲဥပဒေအတိုင်း နိုင်ငံတကာတရားဥပဒေအတိုင်း ဖြစ်ရပါမယ်။ အဲဒီလောက်ပဲ အခုလောလောဆယ် မှတ်ချက်ပေးချင်ပါတယ်။ IEC ရဲ့ ကြေညာချက်ကိုပဲ refer လုပ်ချင်ပါတယ်။ လေယာဉ်မှူးကို ထိန်းသိမ်းထားတဲ့ IEC က ထုတ်ပြန်ချက်ထုတ်ထားတယ် ။ စုံစမ်းစစ်ဆေးနေတယ်။ လိုအပ်ရင် လိုအပ်သလို တရားဥပဒေအတိုင်း အရေးယူသွားမယ်ဆိုတာကို ရည်ညွန်းပြီး ပြောချင်ပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *