AAကိုအားကျလို့တဲ့သူတို့လည်း ပြန်လည်ကယ်ထုတ်မယ်ဆိုပဲ

လွိုင်ကော်တက္ကသိုလ်ဝန်ထမ်းမိသားစု ၂၀၄ ဦးကို ပြန်လည်ကယ်ထုတ်မယ်လို့ စစ်ကောင်စီကြုံးဝါးနေ

နိုဝင်ဘာ ၂၂

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်တက္ကသိုလ်က ပါမောက္ခချုပ်အပါအဝင် ဆရာ၊ဆရာမနဲ့ဝန်ထမ်းမိသားစုတွေကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲကနေ ပြန်လည်ကယ်ထုတ်မယ်လို့ အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ကြုံးဝါးလာပါတယ်။

CDM လှုပ်ရှားမှုမှာမပါဝင်ခဲ့ဘဲ နိုင်ငံတော်အပေါ် သစ္စာရှိစွာနဲ့ သင်ကြားရေးတာဝန်ထမ်းဆောင်ခဲ့တဲ့ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဆရာ၊ဆရာမနဲ့ ဝန်ထမ်းမိသားစုတွေကို KNPP နဲ့ PDF အဖွဲ့တွေက အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး အဲ့ဒီလူတွေအကုန်လုံးကို ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ ပြန်လည်ကယ်တင်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်မယ်လို့ စစ်ကောင်စီက မနေ့က နိုဝင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။

လွိုင်ကော်တက္ကသိုလ်တိုက်ပွဲအတွင်းမှာ ကယ်ထုတ်ခဲ့တဲ့ ပါမောက္ခချုပ်အပါအဝင် Non CDM ဝန်ထမ်းတွေနဲ့ မိသားစုဝင် ၂၀၄ ဦးဟာ ဘေးကင်းလုံခြုံရာမှာရှိနေကြောင်းကို ကာယကံရှင်တွေဖြစ်ကြတဲ့ ပါမောက္ခချုပ်ဦးအောင်ခင်မြင့်အပါအဝင် ကထိကနဲ့ လက်ထောက်ကထိကတွေကိုယ်တိုင် ထုတ်ဖော်ပြောဆိုထားတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တို့က နိုဝင်ဘာ ၂၀ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

အဲ့ဒီ ဗီဒီယိုဖိုင်ထဲမှာ “ကျနော့်တက္ကသိုလ်က ဝန်ထမ်းဆရာ၊ ဆရာမ ၁၉၄ ယောက်နဲ့အတူရှိနေပါတယ်။ ကျွန်တော့်ကို သေသွားပြီဆိုတဲ့ သတင်းအမှားအပေါ်မှာတော့ ဒီမှာ ကျနော်လုံလုံခြုံခြုံ ကျန်းကျန်းမာမာရှိနေတယ်ဆိုတဲ့အကြောင်း ပြောချင်ပါတယ်ခင်ဗျ”လို့ ပါမောက္ခချုပ်ဦးအောင်ခင်မြင့်က ပြောထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီအဖွဲ့ ပြန်ကြားရေး ဗိုလ်ချုပ်ဇော်မဲထွန်းက “ဖြစ်စဉ်အမှန်ကတော့ လွိုင်ကော်တက္ကသိုလ်ထဲဝင်ပြီးတော့ ဆရာ၊ဆရာမတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ ဒီလိုဖမ်းဆီးခေါ်ဆောင်သွားတာကို အဖွဲ့အစည်းအသီးသီးက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။ အဲ့ဒီဖိအားတွေကြောင့် ဖမ်းဆီးခေါ်ဆောင်သွားတာကို ဖုံးကွယ်တဲ့အနေနဲ့ ကောင်းစွာထိန်းသိမ်းထားတယ်ဆိုတဲ့ပုံစံမျိုးဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီဗီဒီယိုဖိုင်တွေမှာလည်း ပြောခိုင်းတဲ့စကားတွေပြောနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ မျက်နှာအနေအထားတွေကြည့်ရင်လည်းတွေ့နိုင်ပါတယ်”လို့ အောက်တိုဘာ ၂၁ ရက်မှာ ပြောထားပါတယ်။

စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေတိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် Non CDM ဝန်ထမ်းတွေနဲ့ မိသားစုဝင် ၂၀၄ဦးကို KNDF အပါအဝင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ၁၃ရက်မှာကယ်ထုတ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ IEC က စောင့်ရှောက်ထားပြီး သူတို့မိသားစုနဲ့ပြန်ဆုံတွေ့နိုင်ဖို့လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီဟာ လွိုင်ကော်တက္ကသိုလ်ဝန်ထမ်းနဲ့မိသားစုနှစ်ရာကျော်ကို ပြန်လည်ကယ်ထုတ်မယ်လို့ ကြုံးဝါးနေပေမယ့် အခုလ၁၁ရက်က ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ချခဲ့လို့ ပျက်ကျသွားတဲ့တိုက်လေယာဉ်က လေယာဉ်မှူးနှစ်ဦးကိုတောင် မကယ်ထုတ်နိုင်ခဲ့တဲ့အတွက် လေယာဉ်မှူးနှစ်ဦးထဲက တစ်ဦးဟာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ အခုလ ၁၉ ရက်နေ့က အဖမ်းခံခဲ့ရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *