ကြယ်သုံးပွင့် ကြွေပြီးသိမ်းခဲ့တဲ့ စခစခန်း(ရုပ်သံ)

ကနီနယ် စစ်အုပ်စု လှိုဏ်ဂူစခန်းကို သုံးရက်နဲ့ လေးညအိပ် ချဉ်းကပ်ပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့

နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်း ကနီမြို့နယ် ယာကြီး-ကလေးဝ လမ်းပေါ်က စစ်အုပ်စု အထိုင်ချထားတဲ့ လာဘို့ရွာ အနီးက လှိုဏ်ဂူစခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သုံးညအိပ်၊ လေးရက် ချဉ်းကပ်ကာ တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ(၂၃)ရက် မနက်ပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြေပြင်တိုက်ပွဲဝင် ရဲဘော်တွေက MFP ကို ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲကနေ စစ်အုပ်စု လက်နက်ငယ် တစ်လက်၊ ကျည်မျိုးစုံ (၂၅၀၀)ကျော်၊ ဗုံးသီး (၁၀၇)လုံး၊ Equipment တစ်ခု၊ ကျည်အိမ် နှစ်ခု၊ မိုင်း (၁၆) လုံး၊ အီနာဂါ လေးလုံးနဲ့ စစ်သုံးပစ္စည်းတွေ သိမ်းပိုက် ရရှိခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော်သုံးဦး ကျဆုံးပြီး (၁၀)ဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်အုပ်စု တစ်ယောက် သေကာ (၁၅)ယောက် ဝန်းကျင် ဒဏ်ရာရရှိသွားသလို ကျန်တဲ့ စစ်အုပ်စုတွေ စခန်းကိုစွန့်ခွါ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

စတင်တိုက်ခိုက်ခဲ့တဲ့ နိုဝင်ဘာ(၂၂)ရက်မှာ စစ်အုပ်စုက လေးကြောင်းပစ်ခတ်မှု နှစ်ကြိမ် ပစ်ကူခဲ့ပေမယ့် နောက်နေ့ မနက်ပိုင်းမှာ လေကြောင်းပစ်ကူ မလာတော့သလို တော်လှန်ရေးတပ်တွေကလည်း စခန်းကို အပြီးသတ် သိမ်းပိုက်ခဲ့တာလို့ ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့တဲ့ B21 Kani PDF ရဲဘော်တစ်ဦးက အခုလို ရှင်းပြပါတယ်။

“မနက်ခင်း (၆)နာရီကနေမှ (၁၀)နာရီလောက်ထိ ထိတွေ့မှု ဖြစ်တယ်။ ဖြစ်တဲ့အချိန်မှာ ကျည်ထောက်ပို့ မရောက်တဲ့ နောက်ပိုင်းမှာ တိုက်ပွဲက ခဏရပ်သွားတယ်။ ရပ်သွားတဲ့အချိန်မှာ သူတို့ လေကြောင်းစစ်ဆင်ရေး စတယ်ဗျ။ ဂျက်ဖိုက်တာနဲ့ (၁၁)နာရီ (၁၅)မိနစ်မှာ လာရောက်ပစ်ခတ်တယ်ဗျ။ ဂျက်ဖိုက်တာနဲ့ ဗုံးသီးနှစ်လုံး လာကျဲပြီးတော့ သူတို့ ပါတဲ့ Gun (သေနတ်)ငယ်လား ဘာလားတော့ မသိဘူး၊ သေချာတော့ မသိဘူး၊ အရမ်း တရစပ် ပစ်တယ်ဗျ။ လေကြောင်းပစ်ခတ်မှု ပြုလုပ်ပြီးတော့ ကျနော်တို့ နည်းနည်း နောက်ဆုတ်ကြတယ်ဗျ။ နောက်ဆုတ်ပြီးတော့ ကျည်အင်အား ပြန်ပြီးတော့ ထောက်ပို့ကို ပြန်စုကြတယ်ဗျ။ စုပြီးတော့မှ နောက်ရက် မနက်(၆)နာရီကို၊ မနက်ခင်း(၂)နာရီကို ကပ်ပြီးတော့ (၆)နာရီကို ထိတွေ့မှု ပြန်ဖြစ်ပြီးတော့ (၈)နာရီ (၄၅)၊ (၉)နာရီ ပတ်ချာလည် အဲဒီအချိန်မှာ ကျနော်တို့ စခန်းကို သိမ်းပိုက်ပြီးသွားပြီဗျ”

စခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့ နိုဝင်ဘာ(၂၃)ရက် မနက်ပိုင်းမှာတော့ စစ်အုပ်စုက လေကြောင်းပစ်ကူ ပေးခဲ့တာ မရှိတော့ဘူးလို့ ဆိုပါတယ်။

စွန့်ခွါထွက်ပြေးသွားတဲ့ စစ်အုပ်စုအဖွဲ့ဟာ အရင်တခါ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်သိမ်းပိုက်ခံရတဲ့ တာဝါတိုင်ကုန်း နေရာမှာ ပြန်လည် အထိုင်ချထားတဲ့ စစ်အုပ်စုအဖွဲ့တွေဆီ ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

“အလောင်းတစ်လောင်းတော့ တွေ့တယ်ဗျ။ ခွေးအလောင်းလေ။ စစ်အုပ်စုဘက်က အလောင်းတွေ့တယ်ဗျ။ ကျန်တဲ့ဟာတွေတော့ နယ်မြေကို အကုန်လုံးတော့ မရှင်းနိုင်ဘူးဗျ။ ဘာလို့တုန်းဆို သူတို့က နင်းမိုင်းတွေရော၊ တိုက်မိုင်းတွေရော၊ ရှေ့ထွက်မိုင်းတွေရော အကုန်လုံး ကာထားတာ ဖြစ်တဲ့အတွက်ကြောင့် အဆောက်အဦးတွေလည်း မီးရှို့နိုင်ခဲ့တယ်။ အတွင်းက ပစ္စည်းတွေကို ထုတ်ယူပြီးတော့။ သူတို့က ယာကြီး တာဝါတိုင်ဘက်ကို တပ်ဆုတ်သွားတယ်ဗျ။ ယာကြီး တာဝါတိုင်ဘက်ကို ကူးသွားတာဗျ၊ ကျနော်တို့ အဲဘက်ကို ချဉ်းကပ်တော့ကျ သုံးညအိပ် လေးရက်ကြာတယ်ဗျ”

အဲ့ဒီ ကနီနယ်၊ လာပို့ရွာအနီးက စစ်အုပ်စု အင်အား (၃၀)လောက် အထိုင်ချတပ်စွဲထားတဲ့ လှိုဏ်ဂူကုန်း စခန်းကို နိုဝင်ဘာ(၂၂)ရက်ကနေ (၂၃)ရက် မနက်ပိုင်းအထိ ယင်းမာပင်ခရိုင်တပ်ရင်း (၂)နဲ့ ကနီမြို့နယ် တော်လှန်ရေး အင်အားစုတွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *