ဘီးလင်းအခြေအနေက အဲသလိုပါဆို

ဘီးလင်းဝင်းကရဲစခန်း စစ်ကောင်စီလက်လွှတ်

နိုဝင်ဘာလ ၂၆ ရက်

တော်လှန်ရေးအင်အားစုတွေရဲ့ မြို့သိမ်းနဲ့စခန်းသိမ်း တိုက်ပွဲဆင်နွှဲမယ်ဆိုတဲ့ သတင်းတွေကြောင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာရှိ ဝင်းကရဲကင်းစခန်းကို စစ်ကောင်စီဘက်က ရုပ်သိမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ နိုဝင်ဘာ ၂၄ ရက်နေ့က ဝင်းကရဲစခန်းမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို တောင်စွန်းရဲစခန်းထံ ပြောင်းရွှေ့သွားခဲ့ပြီး အင်အားပေါင်းစည်းလိုက်တယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်လွှတ်သွားတဲ့ ဝင်းကရဲစခန်းဟာ ရဲတပ်ဖွဲ့ဝင်အင်အား ၁၀ ဦးနီးပါးသာရှိတဲ့ စခန်းတစ်ခုဖြစ်ပြီး အာဏာသိမ်းကာလအတွင်း တော်လှန်ရေးအင်အားစုတွေ မကြာခဏလာရောက်တိုက်ခိုက်လေ့ရှိပါတယ်။

အဲဒီနေ့မှာပဲ စစ်ကောင်စီဟာ ဘီးလင်းမြို့နယ် တောင်စွန်းအကျဉ်းစခန်းမှာရှိတဲ့ ထောင်ဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေကို မုပ္ပလင်အကျဉ်စခန်းထံ ပြောင်းရွှေ့သွားပြီး တောင်စွန်းအကျဉ်းစခန်းမှာတော့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တချို့ တပ်စွဲထားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဝင်းကရဲစခန်း လက်လွှတ်ခဲ့တဲ့ စစ်ကောင်စီဟာ ဘီးလင်းမြို့နယ်ရဲတပ်ဖွဲ့ရုံးနဲ့ မြို့မရဲစခန်းတွေမှာ ခံစစ်အတွက် ဘန်ကာတွေ အခိုင်အမာတည်ဆောက်ထားသလို မြို့တွင်းမြို့ပြင်မှာလည်း ကင်းပုန်းတွေ တိုးချထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘီးလင်းတိုးဂိတ်ဟောင်း၊ မြို့ဝင်စစ်ဆေးရေး စည်ပင်ဂိတ်အနီးမှာလည်း လုံခြုံရေးအင် အားတိုးမြှင့်ထားသလို ပိတ်ဆို့ရှာဖွေမှုတွေ တင်းကျပ်ထားတယ်လို့ ခရီးသွားတွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း စစ်ကောင်စီဟာ ဘီးလင်းမြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုတွေနဲ့ ရဲမိသားစုဝင်တွေကို ရဲစခန်း၊ ဝန်ထမ်းအိမ်ရာတွေကနေ ဖယ်ခိုင်းပြီး ပြင်ပရပ်ကွက်တွေမှာ ပြောင်း ရွှေ့နေထိုင်စေခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီဟာ ရေး၊ သံဖြူဇရပ်၊ ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်ရှိ ရဲစခန်းတချို့ကို လက်လွှတ်ထားတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *