ဝါသဝဝါသဝရေမင်းဟာတွေတစ်ခုပီးတစ်ခုပါကုန်ပီ ဘယ်ဆီကိုမင်းရောက်နေလဲ(ရုပ်သံ)

ကန့်ဘလူနဲ့ ရေဦးနယ်စပ်က ဝါသဝ လက်အောက်ခံ ပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်

စစ်အုပ်စုနဲ့ပျူ (၁၀)ယောက်ထက်မနည်း သေပြီး ခုနှစ်ယောက် ဖမ်းမိ

နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်း ကန့်ဘလူနဲ့ ရေဦးမြို့နယ်အစပ်၊ ရေဦးမြို့နယ် အောင်သာယာရွာ ပျူစခန်းကို ယမန်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်အုပ်စုနဲ့ ပျူ အနည်းဆုံး (၁၀)ယောက် သေဆုံးပြီး ခုနှစ်ဦး ဖမ်းမိတယ်လို့ တိုက်ပွဲမှာ ပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ကန့်ဘလူနယ်က သင်္ကန်းဝတ် ပျူခေါင်းဆောင် ဝါသဝရဲ့ လက်အောက်ခံ အဲ့ဒီ အောင်သာယာရွာ ပျူစခန်းကို နိုဝင်ဘာ(၂၄)ရက် မနက်(၄)နာရီခွဲက စတင်တိုက်ခိုက်ရာ တိုက်ပွဲချိန် နှစ်နာရီနီးပါး အကြာမှာ စခန်းသိမ်း နိုင်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီ ပျူစခန်းသိမ်း တိုက်ပွဲအတွင်း စစ်အုပ်စုနဲ့ပျူ (၁၀)ယောက် ထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ (၁၅)ယောက် ဝန်းကျင်အထိ ရှိကာ စစ်အုပ်စုနဲ့ ပျူတွေ ခုနှစ်ယောက် ဖမ်းမိတယ်လို့ Taze Civil Revolution Force-TCR(PLA) တပ်ဖွဲ့က ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအပြီး အောင်သာယာရွာ ပျူစခန်း ပတ်ပတ်လည်က ဘန်ကာတွေကိုလည်း ဖျက်ဆီးခဲ့ပြီး နောက်ဆုံး ဘုန်းကြီးကျောင်း အထိုင်စခန်းသာ ကျန်ရှိတော့ချိန်မှာ လေကြောင်းရော မြေပြင်ကပါ စစ်ကူ ရောက်လာတာကြောင့် အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့တယ်လို့ TCRF စစ်ရေးတာဝန်ခံက ပြောပါတယ်။

“တိုက်ပွဲစတာကတော့ မနက်(၃)နာရီခွဲလောက် တိုက်ပွဲစတာ။ ရန်သူ့ဘက်က ကျဆုံးတာတွေကတော့ အနည်းဆုံး (၁၀)ကောင်ကတော့ ကျဆုံးတာ ရှိတယ်။ ပျူရွာက ကာဘိုးနဲ့ ကပ်နေတာ ဆိုတော့ ကာဘိုးရောက်မှ သေတာတွေ ရှိတယ်။ ဒဏ်ရာရတာကတော့ (၁၅)ယောက်လောက် ရှိတယ်။ အရှင် ဖမ်းမိတာက ခုနှစ်ယောက် ရှိတယ်။ ကျနော်တို့ ဘက်ကလည် ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေလည်း ရှိတယ်။ ထိခိုက်ဒဏ်ရာ ရတာကတော့ ငါးဦး ထိခိုက်ဒဏ်ရာ ရတယ်။ တစ်ဦးကတော့ စိုးရိမ်ရတဲ့ အနေအထား ရှိတယ်။ ကျန်တဲ့ ရဲဘော်တွေကတော့ မစိုးရိမ်ရဘူး”

အောင်သာယာ ပျူစခန်းမှာ စစ်အုပ်စုနဲ့ပျူ အင်အား (၅၀)ကျော်ရှိပြီး လက်နက် တပ်ဆင်ပေးထားတဲ့ အင်အားကတော့ (၃၀)လောက်ပဲ ရှိတဲ့ စခန်းဖြစ်တယ်လို့ သူက ဆိုပါတယ်။

အချိန်နည်းနည်းလောက် ထပ်ရရင် အလုံးစုံ စခန်းသိမ်းနိုင်မယ့် အခြေအနေ ရောက်နေပေမယ့် ရေဦးမြို့နဲ့ ကန့်ဘလူနယ် ကာဘိုးရွာတွေမှာ အထိုင်ချထားတဲ့ မြေပြင်စစ်အုပ်စုနဲ့ (MI-35) ရဟတ်ယာဉ်နဲ့ပါ စစ်ကူ ရောက်ရှိလာတာကြောင့် ဆုတ်ခွါခဲ့ရတယ်လို့ ဆိုပါတယ်။

“သူတို့မှာက ပတ်ပတ်လည်က အကုန်လုံး ဘန်ကာတွေနဲ့ဗျ။ ပတ်ပတ်လည်က ဘန်ကာတွေ အကုန်လုံးကို ဖြိုနိုင်ခဲ့တယ်။ သူတို့ရဲ့ နောက်ဆုံးက ဘုန်းကြီးကျောင်းကြီးကိုမှ ကာဘာယူထားတဲ့ အနေအထားဆိုတော့ အဲဒီ ဘုန်းကြီးကျောင်းမှာ ကျနော်တို့ ဘုန်းကြီးကျောင်းကို ဝင်တော့မယ့် အချိန်မှာ လက်နက်ကြီး ပစ်ကူတွေ ပစ်တယ်။ ခဏနေတော့ (MI-35) လာပစ်တယ်ဗျ။ အဲအတွက်ကြောင့် ကျနော်တို့ ပြန်ပြီးတော့ ခေါက်ခဲ့ရတာဗျ”

အောင်သာယာပျူစခန်းသိမ်း တိုက်ပွဲကို ဒေသတွင်း တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေဖြစ်တဲ့ Taze Civil Revolution Force-TCRF (PLA)၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)၊ 96 Soliders PDF (အညာဒေသတပ်ခွဲ)၊ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA (ခင်ဦးတပ်ခွဲ)နဲ့ ဒေသခံ LPDF တွေ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

ရေဦးနယ် အောင်သာယာရွာဟာ ကန့်ဘလူနဲ့ နယ်နမိတ်ချင်း ထိစပ်နေပြီး အဲ့ဒီ ပျူစခန်းက ပျူတွေဟာ ဝါသဝရဲ့ လက်အောက်ခံတွေ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *