အဘတို့လိုအတင်းအဓမ္မအလှူခံစရာမလိုဘူးနော် ပြည်ကိုပြည်သူကပဲကူတာပါ

ဒဏ်ရာရ တော်လှန်ရေး ရဲဘော်တွေကို ဆေးဝါးကုသပေးနိုင်ဖို့နဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် ကျန်းမာရေးမိသားစု – မန္တလေး (MFM)က ညီနောင်သုံးဖွဲ့ထံ ငွေကျပ် သိန်း(၁၀၀၀)လှူဒါန်း၊

အထွေထွေသပိတ်အင်အားစု – GSCB ကလည်း ညီနောင်သုံးဖွဲ့ထံ ငွေကျပ်သိန်း(၁၀၀၀)လှူဒါန်း၊

နိုဝင်ဘာ – ၂၆

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်အုပ်စုရဲ့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်မှု၊ လေယာဉ်နဲ့ ဗုံးကျဲ ပစ်ခတ်မှုတွေကြောင့် ထိခိုက် ဒါဏ်ရာရတဲ့ အရပ်သား ပြည်သူနဲ့ ပြည်သူ့ရဲဘော်တွေအတွက် ဆေးကုသရန် လိုအပ်တဲ့ ကုန်ကျစရိတ်အဖြစ် အသုံးပြုနိုင်ဖို့နဲ့ စစ်ရှောင်ပြည်သူတွေအတွက် တထောင့်တနေရာက ကူညီပေးနိုင်စေဖို့ Medical Family Mandalay – MFM (ကျန်းမာရေးမိသားစု -မန္တလေး)က ညီနောင် မဟာမိတ်သုံးဖော် (MNDAA၊ TNLA၊ AA) တို့ထံ ငွေကျပ် သိန်း (၁၀၀၀) ပေးပို့လှူဒါန်းခဲ့တယ်လို့ Medical Family Mandalay – MFM က သတင်း ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ တိုင်းရင်းသား အားလုံး တန်းတူ အခွင့်အရေး ရှိတဲ့ Federal Democracy (ဖက်ဒရယ်ဒီမိုကရေစီ) စနစ် ပေါ်ထွန်းရေး အတွက် တိုက်ပွဲဝင်နေတဲ့ ညီနောင် မဟာမိတ် သုံးဖော် (MNDAA, AA, TNLA) တပ်ဖွဲ့ဝင် သူရဲကောင်းတွေအတွက် ငွေကျပ် သိန်း (၁၀၀၀) လှူဒါန်းတာ ဖြစ်ပြီး MFM အနေနဲ့ ညီနောင်မဟာမိတ် သုံးဖော်နဲ့အတူ အစဉ်တစိုက် ရပ်တည်နေမယ်လို့လည်း MFM က ဆိုပါတယ်။

“စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး နှင့် တိုင်းရင်းသား အားလုံး တန်းတူ အခွင့်အရေး ရှိသော Federal Democracy စနစ် ပေါ်ထွန်းရေး အတွက် တိုက်ပွဲဝင်နေသော ညီနောင် မဟာမိတ်သုံးဖော် (MNDAA, AA, TNLA) နှင့်အတူ မိမိတို့ Medical Family Mandalay -MFM အနေဖြင့်လည်း အစဉ်တစိုက် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်းလည်း ကြေငြာအပ်ပါသည်” လို့ Medical Family Mandalay – MFM က ဖော်ပြပါတယ်။

နိုဝင်ဘာ(၂၄)ရက်က Medical Family Mandalay – MFM က ငွေကျပ်သိန်း(၁၀၀၀) လှူဒါန်းကြောင်းနဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ စိုးမိုးထိန်းချုပ်ထားတဲ့ ရှမ်ပြည်မြောက်ပိုင်း ချင်းရွှေဟော်မြို့မှာ အလှူငွေ လက်ခံခဲ့တယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

တချိန်တည်းမှာပဲ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ဘေးရှောင် ဒုက္ခသည်များ၊ ဒဏ်ရာရပြည်သူလူထုနဲ့ ရဲဘော်တွေအတွက် General Strike Coordination Body – GSCB (အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု)က ပေးပို့လှူဒါန်းတဲ့ ငွေကျပ်သိန်း(၁၀၀၀)ကိုလည်း လက်ခံရရှိခဲ့တယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့က ဖော်ပြပါတယ်။

Medical Family Mandalay – MFM (ကျန်းမာရေးမိသားစု -မန္တလေး)ဟာ CDM ဆရာဝန်တွေ အပါအဝင် မန္တလေးက CDM ကျန်းမာရေး ဝန်ထမ်းတွေနဲ့ အဓိက ဖွဲ့စည်းထားပြီး နွေဦးတော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေတဲ့ အရပ်ဘက် အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။

Medical Family Mandalay – MFM နဲ့ General Strike Coordination Body – GSCB တို့က ညီနောင်မဟာမိတ် သုံးဖွဲ့ထံ ငွေကျပ်သိန်း(၁၀၀၀)စီ လှူဒါန်းခဲ့စဉ်/Photo –

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *