ကြောက်ချီးပန်းနေသောငပု အလှူပေးမည့်ကားများနှင့်ကထိန်လှည့်

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ က ၁၀၂၇ စစ်ဆင်ရေးကို နိုင်ငံလုံးအဆင့်သို့ ပြောင်းလဲပြီး နောက်တစ်ဆင့်တက်မည်ဟု ကြေညာထားမှုကြောင့် စစ်ကောင်စီက ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင် အပါအဝင် တစ်နိုင်ငံလုံး တပ်လှန့်လုံခြုံရေး တိုးမြှင့်

ရန်ကုန်၊ နိုဝင်ဘာ ၂၆

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ က ၁၀၂၇ စစ်ဆင်ရေးကို နိုင်ငံလုံးအဆင့်သို့ ပြောင်းလဲပြီး နောက်တစ်ဆင့်တက်မည်ဟု ကြေညာထားမှုကြောင့် စစ်ကောင်စီက ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင် အပါအဝင် တစ်နိုင်ငံလုံး တပ်လှန့်လုံခြုံရေး တိုးမြှင့်ထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်ထံမှ သိရှိရသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး ၁ လပြည့်သည့်နေ့တွင် Nationwide Operation ကို နောက်တစ်ဆင့် တက်မည်ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ကြေညာထားမှုကို စစ်ကောင်စီက ဌာနဆိုင်ရာနှင့် တပ်ရင်းတပ်ဖွဲ့အားလုံး လုံခြုံရေးတိုးမြှင့်ကြရန် ယနေ့ နှုတ်မိန့်ဖြင့် ညွှန်ကြားချက်ပေးကြောင်း သိရှိရသည်။

“နေပြည်တော်မှာလည်း လုံခြုံရေးတွေ ၂ ဆ ထပ်တိုးပါတယ်။ အခြားပြည်နယ်/တိုင်းတွေမှာလည်း ဌာနဆိုင်ရာရုံးတွေ၊ တပ်ရင်းတပ်ဖွဲ့၊ ရဲစခန်းတွေ လုံခြုံရေးတိုးမြှင့်ပြီး သတိရှိကြဖို့ နှုတ်မိန့် ညွှန်ကြားချက်တွေ ပေးတယ်။ အဓိက လောက်ကိုင်၊ ရခိုင်၊ စစ်ကိုင်း၊ ကယား၊ ချင်း အထူး သတိထားဖို့ ညွှန်ကြားမှုတွေ ရှိပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်ကလည်း တိုင်းစစ်ကောင်စီအခြေစိုက် ရန်ကုန်တိုင်းလွှတ်တော်ဝင်းအတွင်းတွင် တင့်ကား၊ သံချပ်ကာကားများနှင့် ဒရုန်းပစ်လက်နက်များ၊ စစ်အင်အားကိုပါ ယနေ့ညပိုင်း တိုးမြှင့်လိုက်ကြောင်း ပြောဆိုသည်။

“ဒရုန်း Jammer တွေ ဒရုန်းပစ်လက်နက်တွေ ဒီနေ့ည တိုင်းလွှတ်တော်ဝင်းအတွင်းမှာ ပိုပြီး တပ်ဆင်တယ်။ တင့်ကားနဲ့ သံချပ်ကာတွေလည်း ထပ်ရောက်တယ်။ ဒီနေ့ညနဲ့ မနက်ဖြန်ကို စစ်အင်အား ထပ်တိုးလိုက်တယ်” ဟု ရန်ကုန်တိုင်းစစ်ကောင်စီ သတင်းရင်းမြစ်က ပြောဆိုသည်။

အခြားတစ်ဘက်တွင်လည်း ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် အပေါ်ထပ်တွင် စစ်သားများ လာရောက်တပ်စွဲထားကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ မီးသတ်နှင့် ရဲစခန်းများတွင်လည်း အကာအရံ သံဆူးကြိုး ဘယ်ရီယာများ ချထားကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်နှင့် တက္ကသိုလ်များ အခြေစိုက် ပြင်ဦးလွင်တွင်လည်း အဝင်အထွက်ပိုမို စိစစ်ပြီး ပြင်ဦးလွင် စစ်တက္ကသိုလ်နှင့်စစ်နည်းပညာတက္ကသိုလ်ပတ်ဝန်းကျင်တွင် စစ်ကားများဖြင့် ကင်းလှည့်နေကြောင်း သိရှိရသည်။

“ပြင်ဦးလွင်မှာ ဒီနေ့ အဝင်အထွက် တအားစစ်ပါတယ်။ ဗဟိုဝန်ထမ်းတက္ကသိုလ် ဘယ်ညာတစ်လျောက် စစ်ခွေး တွေ ရှိနေတယ်။ အင်အားများတယ်။ အုန်းချောရွာ (ဂိတ်တွင်) အဆင်းတွင် ဆိုင်ကယ်၊ ကားတွေအစစ်အဆေးကြမ်းနေပြီး မိသားစုကားတွေပါ ဘယ်ကပြန်လာသလဲ၊ တစ်ဦးချင်းစစ်ဆေးနေပါတယ်။ ပြင်ဦးလွင်တစ်မြို့လုံးလည်း စစ်ကားတွေနဲ့ လုံခြုံရေးတင်းကျပ်ထားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မန္တလေးမြို့တွင် ယနေ့ညပိုင်း တင့်ကားများ၊ သံချပ်ကာကားများနှင့် မြို့ပေါ်တွင် စစ်တပ်က ကင်းလှည့်နေကြောင်း သိရှိရသည်။

“စကစ တင့်ကားတွေ စစ်ကြောင်းတွေနဲ့ မန္တလေး စက်မှုဘက်မှာ ကင်းလှည့်နေတယ်။ ဒီည ကင်းလှည့်နေတာ”ဟု မန္တလေး ဒေသပြည်သူတစ်ဦးက ပြောဆိုသည် ။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က အောက်တိုဘာလ ၂၇ နေ့တွင် ၁၀၂၇ စစ်ဆင် ရေးစတင်ပြီး ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီ၏ တပ်စခန်း ၂၀၀ နီးပါးနှင့် မြို့ပေါင်း ၁၀ မြို့ထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်လော်ဘီများ ထုတ်ပြန်ထားသည့် ရန်ကုန်တွင် ဟန်ရေးပြ ကင်းလှည့်‌နေသော အကြမ်းဖက်စစ်ကောင်စီတပ်များ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *