“ဒါတောင်မကုန်သေးဘူးနော်” အများကြီးကျန်သေးတယ်(ရုပ်သံ)

မူဆယ်နှင့် နမ့်ဖက်ကာကြားရှိ စစ်ကောင်စီစခန်း ကို ညီနောင်သုံးဖွဲ့ သိမ်းပိုက်၊ လက်နက်ခဲယမ်းများစွာရ

ဒီဇင်ဘာ ၁ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကြားရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို တအာင်းတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော်(MNDAA)၊ ရက္ခိုင့်တပ်တော်(AA) ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ဒီမနက် နမ့်ဖက်ကာနဲ့ မူဆယ်ကြား ပြည်ထောင်စုလမ်းမပေါ်ရှိ မုံးပေါ်ချောင်း တံတား စခန်းကုန်းကို ညီနောင်သုံးဖွဲ့အပြီး အစီးတိုက်ခိုက် သိမ်းနိုင်ခဲ့ပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

သတင်းရင်းမြစ်ကပြသသည့် ရုပ်သံမှတ်တမ်းတွင် တော်လှန်ရေးရဲဘော်တစ်ဦးက “ဒါတောင်မကုန်သေးဘူးနော် ပစ္စည်းတွေ။ ဒီအထဲမှာလည်း ကျည်တွေအများကြီးကျန်သေးတယ်ကျည်ပုံးတွေ ၊ ကျည်ပုံးတွေ”ဟု ပြောကာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိမှု အခြေအနေကို ပြောကြားခဲ့သည်။

တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးသွားသည့် စစ်ကောင်စီတပ်စခန်း အခြေအနေကိုလည်း ရုပ်သံတွင်တွေ့ရပြီး တော်လှန်ရေးရဲဘော်များက စစ်ကောင်စီစခန်းမှ လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်များကို စုစည်းနေသည်ကို တွေ့ရသည်။

သိမ်းဆည်းရရှခဲ့သည့် လက်နက်များတွင် လက်နက်ကြီးအချို့လည်းပါဝင်ပြီးလက်နက်ငယ် ၁၀လက်ထက်မနည်းကိုလည်း ရုပ်သံ၌ တွေ့ရသည်။

ညီနောင်မဟာမိတ်တပ်များသည် ရှမ်းပြည်နယ်မြောက်၌ စစ်ကောင်စီတပ်စခန်း ၂၃၀ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *