ရန်ကုန်မြို့တွင် လုံခြုံရေးများ ထူထူထပ်ထပ်ချထားသည့်ကြားမှ လုယက်မှုဖြစ်ပွား

ရန်ကုန်မြို့လယ်ခေါင်တွင် ဒေါ်လာဝယ်ရောင်းကုန်သည် ဦးခင်မောင်ဝင်းကို အိမ်အတွင်း ဝင်ရောက်လုယက်မှု သိန်း ၁၀၀၀ ကျော်နှင့်ဒေါ်လာများ ပါသွား၊

▪️ ရန်ကုန်မြို့တွင် လုံခြုံရေးများ ထူထူထပ်ထပ်ချထားသည့်ကြားမှ လုယက်မှုဖြစ်ပွား

ဒီဇင်ဘာလ ၂ ရက်

ရန်ကုန်မြို့လယ်ခေါင်၊ ဗိုလ်တထောင်မြို့နယ်၊ ၄၁ လမ်းနှင့် မဟာဗန္ဓုလလမ်းမကြီးလမ်းထိပ်တွင် နေထိုင်သူ ဒေါ်လာဝယ်ရောင်း ကုန်သည် ဦးခင်မောင်ဝင်းကို အိမ်အတွင်း ဝင်ရောက်လုယက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားရာ ငွေကျပ် သိန်း ၁၀၀၀ ကျော်နှင့် အမေရိကန်ဒေါ်လာများ ပါသွားကြောင်း ဦးခင်မောင်ဝင်းနှင့်နီးစပ်သော မိတ်ဆွေများက ပြောဆိုသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၈ မိနစ်အချိန် ရန်ကုန်မြို့လယ်ခေါင် ဗိုလ်တထောင် မြို့နယ်၊ မဟာဗန္တုလလမ်းမကြီးနှင့်၄၁လမ်းထိပ်မှာ ဒေါ်လာအရောင်းအဝယ်လုပ်နေသည့် ကုန်သည် ဦးခင်မောင်ဝင်း ကို ကား ၂ စီးဖြင့် လူအင်အား ၈ ဦးခန့်ပါသော အုပ်စုက သေနတ်များ ဓားဖြင့် အိမ်တွင်းထဲအထိ ဝင်ရောက် ဖမ်းဆီးကြောင်း၊

ဦးခင်မောင်ဝင်းကို ဖမ်းဆီးသွားသည့်အပြင် ငွေကျပ် သိန်း ၃၀၀၀ ကျော်နှင့် အမေရိကန်ဒေါ်လာများပါ ယူဆောင်သွားကြောင်း၊ ယင်းနောက် ဦးခင်မောင်ဝင်းကို ထိုးကြိတ်ပြီး တောင်ဒဂုံတွင် ပစ်ချခဲ့ကြောင်း ၊ လုယက်ဖမ်းဆီးခေါ်ဆောင်ခံရသူ ဦးခင်မောင်ဝင်းသည် အသက်အန္တရာယ်ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

“မနေ့က မွန်းလွဲပိုင်း ကားနှစ်စီးနဲ့ လူအင်အား ၈ယောက်လောက်က သေနတ်နဲ့ဓားနဲ့ထောက်ပြီး ဦးခင်မောင်ဝင်းကို ဖမ်းဆီးခေါ်သွားတယ်။ ငွေသားက အမေရိကန်ဒေါ်လာနဲ့မြန်မာငွေ စုစုပေါင်းသိန်းထောင်ချီပါသွားပါတယ်။ ကိုခင်မောင်ဝင်းကို ကားပေါ်ခေါ်ထိုးကြိတ်ပြီး တောင်ဒဂုံမှာပစ်ချခဲ့ပါတယ်။ အသက်အန္တရာယ်ထိခိုက်မှုမရှိပါဘူး။ အဲဒီဖြစ်စဉ်ကို စခ၊ ရခတွေအများအပြားရောက်လာပြီး CCTV ကြည့်တာတွေစစ်ဆေးမေးမြန်းတာတွေလုပ်ကြပါတယ်”ဟု ဦးခင်မောင်ဝင်း၏ မိတ်ဆွေဖြစ်သူက ပြောဆိုသည်။

လုယက်မှုဖြစ်ပွားချိန်တွင် ရန်ကုန်မြို့လယ်ခေါင်တွင် လုံခြုံရေးများ တင်းတင်းကျပ်ကျပ်ချထားပြီး ၄၁ လမ်းအနီးတွင် အရပ်ဝတ်များနှင့် စစ်ကား၊ ရဲကားများ လှည့်လည်နေချိန်ဖြစ်ကြောင်း ရန်ကုန်မြို့ခံတချို့က ဆိုသည်။

“ဒီရက်ပိုင်းမှာ အရမ်းကို လုံခြုံရေးတွေ တင်းကျပ်ထားတာပါ။ နေရာတိုင်းမှာ ရဲကားတွေ စစ်ကားတွေ ရှိနေတယ်” ဟု ရန်ကုန်မြို့မှ ပြည်သူတစ်ဦးက ဆိုသည်။

ဒေါ်လာဝယ်ရောင်းလုပ်ကိုင်သူများသည် ပုံမှန်အားဖြင့် စသုံးလုံး၊ စစ်တပ်နှင့်ရဲကို လိုင်းကြေး ပုံမှန်ပေးရပြီး ဒေသ အာဏာပိုင်များကလည်း ဒေါ်လာဝယ်ရောင်းသမားများကို သိရှိကြောင်း၊ ယခု ပြန်ပေးဆွဲမှုတွင် စသုံးလုံး၊ စစ်တပ်နှင့်ရဲများ တိုက်ရိုက်မဟုတ်သည့်တိုင် သွယ်၀ိုက်၍ ပတ်သက်နိုင်သည်ဟု ဒေါ်လာဝယ်ရောင်းသမားတချို့ကဆိုကြသည်။

“ဖြစ်နိုင်တာ နှစ်ပိုင်းတော့ တစ်ပိုင်းက လုပ်ငန်းတူတူချင်း လုပ်တာဖြစ်နိုင်သလို နောက်တစ်ခုကတော့ ကျနော်တို့ ဒေါ်လာဝယ်ရောင်းသမားတွေက စသုံးလုံး၊ ရဲနဲ့ မြို့နယ် စီမံကောင်စီကို လိုင်းကြေး ပုံမှန်ပေးရတယ်။ အဲဒီနှစ်ခုထဲက ဖြစ်ဖို့များတယ်။ လုပ်ငန်းတူချင်းကတော့ လုပ်ဖို့ နည်းပါတယ်” ဟု‌ ဒေါ်လာဝယ်ရောင်းသမားတစ်ဦးက ဆိုသည်။

ဓာတ်ပုံ- ဓာတ်ပုံ- ရန်ကုန်တွင် ကိုဗစ်ကာလ ယာဉ်များကို စစ်ဆေးနေသည့် အကြမ်းဖက် ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *