ဖရဲသီးလေးတွေဘေးကင်းကြပါစေ

ကရင်နှင့် ကရင်နီပြည်နယ်ရှိ တပ်တွင်းဖရဲသီးများကို ဖော်ထုတ်ရှင်းလင်းရန် ညွှန်ကြားထားဟုဆို

ဒီဇင်ဘာလ ၂ ရက်

ကရင်နှင့် ကရင်နီပြည်နယ်ရှိ တပ်တွင်းဖရဲသီးများကို ဖော်ထုတ်ရှင်းလင်းရန် စစ်ကောင်စီ က ညွှန်ကြားထားကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ပြင်းထန်နေသည့် ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်တို့ရှိ ဖရဲသီး(တပ်တွင်းတော်လှန်ရေးသတင်းရင်းမြစ်)များကို ဖော်ထုတ်ရန် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ညွှန်ကြားထားခြင်းဖြစ်ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။

“အခုက တပ်တွင်းဖရဲသီးတွေကို မိရင် ပစ်သတ်လို့ရတဲ့ပုံစံမျိုးထားထားတာ။နောက်တစ်ခုက တပ်တွင်းမိသားစုတွေပါပါတယ်။ဖုန်းမသုံးရဘူးတို့ ၊လိုင်းမသုံးရဘူးတို့လိုမျိုး ညွှန်ကြားထားတာတော့ မရှိသေးဘူး။ဖရဲသီးတွေအနေနဲ့ကတော့ ပိုပြီး ဂရုတစိုက်ရှိဖို့လိုမယ်။အခုက ပြည်နယ် ၂ ခုကို အဓိကထားပြီး ပြောလာတာဆိုတော့ စစ်တပ်ဘက်က တခုခုရထားလို့ဖြစ်မယ်”ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာလ ၁ ရက်၊မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က တပ်တွင်းဖရဲသီး၏ သတင်းပေးချက်အရ လွိုင်ကော်မြို့အခြေစိုက် ခလရ -၅၄ တပ်ရင်း၏ လက်နက်တိုက်ကို လွိုင်ကော် PDF နှင့် Falcon Wings တို့ ပူးပေါင်းကာဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ လက်နက်တိုက် မီးလောင်ပျက်စီးသွားကြောင်းလွိုင်ကော်PDFက သတင်းထုတ်ပြန်ထားသည်။

“တပ်တွင်းဖရဲသီးတွေရဲ့ သတင်းပေးမှုနဲ့ အတည်ပြုချက်အရ လုပ်ဆောင်နိုင်ခဲ့တာပါ။ကျွန်တော်တို့အနေနဲ့တော့ တပ်တွင်းဖရဲသီးတွေရဲ့ လုံခြုံရေးနဲ့ သတင်းပေါက်ကြားမှုမရှိစေဖို့ သေချာစီမံထားပြီးသားပါ။ဒီကာလမှာ ယုံကြည်မှုနဲ့ လက်တွဲလုပ်နေရတာဆိုတော့ ဘာပြဿနာမှ သိပ်မရှိပါဘူး”ဟု လွိုင်ကော် PDF၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တပ်တွင်း ဖရဲသီးများကို ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်ရှိ စစ်ကောင်စီတပ်ရင်းများတွင် တပ်တွင်းစစ်သားများ၏ မိသားစုဝင်များကိုပါ တပ်ပြင်ပသို့ ထွက်ခွာခွင့် တားမြစ်ထားပြီး အရေးပေါ်ကိစ္စရှိသဖြင့် ပြင်ပသို့ သွားလိုပါက ခွင့်ပြုချက် ရယူရန်လိုအပ်ကြောင်း တပ်တွင်းဖရဲသီးတစ်ဦးက ပြောသည်။

“တပ်တွင်းဇနီးမယားတွေကို ဈေးဝယ်တဲ့အခါလူ ကြုံနဲ့ဝယ်ခိုင်းတယ်။ အပြင်မထွက်ခိုင်းဘူး။မသင်္ကာရင် မသင်္ကာသလို လိုင်းခန်းထဲထိ ဝင်ပြီးဖုန်းစစ်သေးတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် စစ်မျက်နှာများစွာ ဖွင့်ထားရပြီး ဒေသများစွာ၌ စစ်ရေးရှုံးနိမ့်မှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

Photo – MPA / ပုံဟောင်း

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *